Friday 4 November 2011

ဗဟုသုတလေးတွေပါ

ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...


ကိုယ်ကျင့်ရမှာမို့ ကိုယ်ကျင့်တရား...

ဆွမ်းခံကြွရင်း တွေ့ခဲ့ရတာလေး နှစ်ခုပါ...

တစ်ကတော့...
ဒီနိုင်ငံမှာက မိမိအသုံးမလိုတဲ့ပစ္စည်းတွေ စွန့်လိုတဲ့အခါမျိုး...
ပစ္စည်းအသစ်ဝယ်လို့ အဟောင်းကို စွန့်လိုရင်...
အိမ်ရှေ့လူသွားလမ်းဘေးမှာ ပုံပေးထားတတ်ကြတယ် ယူလိုသူများ ယူကြပေါ့...
လေးငါးရက်လောက်နေလို့ ယူလိုသူမရှိတော့ဘူးဆိုမှ အမှိုက်ကားထဲပါသွားရတယ်...
ဒီနေ့တွေ့ရတာက အိမ်တစ်အိမ်ရှေ့မှာ စွန့်ထားတဲ့ပစ္စည်းတွေ မနည်းဘူး...
အိတ်အကြည်တွေနဲ့ သပ်သပ်ယပ်ယပ် အတွင်းမြင်ရအောင် ထည့်ပေးထားပါတယ်...
ဒါကိုတောင် အမဲတစ်ယောက်နဲ့ တရုတ်တစ်ယောက်က လိုချင်တာရှာရင်းနဲ့
ဖွထားလိုက်တာ လမ်းတွေပေါ်မှာပါ ရှုပ်နေတာပါပဲ...
လမ်းလျှောက်လို့ မရလောက်အောင်ကို ပွနေပြီလေ...

နှစ်ကတော့...
တစ်နေရာမှာ ခွေးတစ်ကောင်နဲ့ လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး...
ဘုန်းကြီး ဆွမ်းခံကြွလာတာတွေ့တော့...
သူ့ခွေးလေးကို သေသေချာချာ ထိန်းပေးထားတယ်...
သူ့ခွေးကြောင့် လမ်းလျှောက်သူ အနှောက်အယှက် မဖြစ်စေလိုတဲ့သဘောရှိတယ်...
ယဉ်ကျေးတယ်ပြောရမလား ကိုယ်ကျင့်ကောင်းတယ် ပြောရမလားပဲ...

ဒီအကြောင်းအရာ နှစ်ခုတွေ့ပြီးနောက် ကိုယ်ကျင့်တရားလို့ခေါ်ဆိုတဲ့...
ဆောင်ရမဲ့သီလနဲ့ ရှောင်ရမဲ့သီလကို သတိရမိပါတယ်...
အတော်များများကတော့ ဆောင်ရ ရှောင်ရမှာ ဘာလဲဆိုတာ မသိကြတော့ဘူး...
ဘာသာခြားများကတော့ ပိုဆိုးနိုင်တယ် ထင်ပါတယ်...
ဗီဇကောင်းသူနဲ့ ဥပဒေကိုကြောက်သူလောက်ပဲ အများမထိခိုက်အောင်နေကြမယ်...

ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့အိမ်...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့မြို့...
ကိုယ်ကျင့်တရား မကောင်းသူတွေများတဲ့တိုင်းပြည် ပျက်စီးတော့မယ်...

ဘုန်းကြီးဖြစ်စေ လူဖြစ်စေ
တိုင်းပြည် မြို့ရွာ မိမိနေထိုင်ရာ ငြိမ်းချမ်းလိုတယ် ဆိုရင်တော့...
သူများကျင့်ကျင့် မကျင့်ကျင့် မိမိကတော့ ကျင့်ရမယ်...
ဘာတွေကျင့်ရမလဲ...
ရဟန်းဆို ရဟန်းသိက္ခာ...
လူဆို လူ့သီလ...
နောက် ဆက်ပြီးကျင့်ရမှာကတော့ ကျွေးမွေးမပျက် ဆောင်ရွက်စီမံ က စလို့...
မိမိရဲ့ ရောက်ရာဘဝနဲ့ သက်ဆိုင်ရာရာ ကျင့်ဝတ်မျိုးစုံ...ပေါ့လေ...

ကျင့်ဝတ်တွေ ပျက်လာတာနဲ့အမျှ ငြိမ်းချမ်းမှုတွေလည်း လျော့နည်းလာလိမ့်မယ်...

သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၄.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



အံမဝင်လည်း ခွင်ကျအောင်နေပါ...



အံမဝင်လည်း ခွင်ကျအောင်နေပါ...

ဆောင်းတွင်းဆိုတော့ ရာသီကအေး ညတာကရှည် အလင်းရောင်က မရှိသေး...
ဒါပေမဲ့ နံနက် ၇-နာရီဆိုတော့လည်း အာရုံ(အရုဏ) တက်ပြီပေါ့...
အရုဏ်တက်ပြီဆိုတော့ သပိတ်သင်္ကန်း ပြင်ဆင်လို့ ဆွမ်းခံကြွတော့မယ်...

ဒီနေ့ ဆွမ်းခံအိမ်ကနီးပါတယ် ၂-လမ်းကျော်လောက်ပါပဲ...
ဆွမ်းခံပြီး ကျောင်းမပြန်သေးပဲ သပိတ်ပိုက်လို့ လမ်းဆက်လျှောက်မယ်လေ...
သပိတ်ပိုက်ပြီး လမ်းလျှောက်ရတဲ့ သမဏသုခ လူတွေ မခံစားဖူးလောက်ပါဘူး...
ယာယီဝတ်တဲ့ ဒုလ္လဘတစ်ချို့ဆို ဆွမ်းခံရတာ သူတို့ရှက်ကြတယ်တဲ့...
မြတ်စွာဘုရားကတော့ ဆွမ်းခံခြင်းက မွန်မြတ်တယ်တဲ့... မတူဘူးနော်...

အလှူရှင် ဒကာကြီးထံမှ သပိတ်ပြန်ယူလိုက်တဲ့အခါမှာတော့ ဒုက္ခကို စတွေ့ရပါပြီ...
သပိတ်ထဲမှာ လှုပ်စိစိနဲ့ ပူလိုက်တာ...
မီးဖိုပေါ်ကချချခြင်း သံသပိတ်ထဲ ထည့်ပေးလိုက်တဲ့သဘောရှိတယ်...
ဘာတွေလောင်းတာလဲ ဒကာကြီးဆိုတော့... သူကတော့ ပြန်ဖြေပါတယ်...
ဒါပေမဲ့ ကိုယ့်မှာက အပူကိုစိတ်ရောက်နေတော့ ဘာပြောမှန်း မသိလိုက်ပါဘူး...
ကျောင်းရောက်လို့ ကြည့်လိုက်တော့မှ ယာဂုနဲ့ကန်စွန်းရွက် ရောပြုတ်ထားတာလေး...
သပိတ်ပေါ်မှာက ကောဖီမှုန့်ထုတ်လေးကိုတော့ ယူပြီး ခါးကြားမှာထိုးပေါ့...
တော်ကြာ လမ်းလျှောက်ရင်း ထွက်ကျသွားနိုင်တယ်...
ပလပ်စတစ်ထုပ်ဆိုတော့ အပူလွန်တာလည်း မကောင်းဘူး မဟုတ်လား...

ဒီလိုနဲ့ သူ့အိမ်ကထွက်လို့ လမ်းလျှောက်ပြန်လာရော...
သပိတ်လွယ်နဲ့ လွယ်ထားတော့ မကြာပါဘူး ဗိုက်မှာ သပိတ်အပူရှိန်က ပူလာတယ်...
ဒါနဲ့ လက်မှာသပိတ်ပိုက်ပြီး ကိုင်လာရတယ်...
မကြာဘူး လက်ပူလာပြန်ရော...
ဒီတော့ ဗိုက်မှာ ပြန်ထား...
မကြာခင် လက်မှာပြန်ကိုင်နဲ့ပေါ့... ဒီအချိန်မှာ...

ဆရာတော်တစ်ပါးဟောတဲ့ ဖင်လိမ်ကွင်းအကဆိုတာကို သတိရမိပါတယ်...
ကျောင်းတကျောင်းမှာ လူငယ်လေးတွေ ယာယီ ဒုလ္လဘဝတ်ကြတယ်တဲ့...
ဆရာတော်က... ဦးဇင်းတို့ မနက်စောစောထကြ ဆွမ်းခံကြွကြမယ်ပေါ့...
ဒီတော့ ရဟန်းသစ်တွေက တပည့်တော်တို့ ဘယ်လိုလုပ်ရမှာလည်း မသိဘူးနော်...
လွယ်ပါတယ် မနက်ကျ သင်္ကန်းရုံပေးမယ် ရှေ့ကငါသွားမယ် ငါလုပ်သလိုလိုက်လုပ်...
ဆိုပြီး ကျောင်းထိုင်ဆရာတော်က မှာထားရော...

ဒီလိုနဲ့ မနက်မှာတော့ သံဃာတန်းကြီးနဲ့ ကြည်ညိုဖွယ်ရာ ဆွမ်းခံကြွကြတာပေါ့...
လမ်းတနေရာမှာတော့ ရှေ့ဆုံးကဆရာတော်ဘုရား အခက်တွေ့ပြီ...
ဘာဖြစ်လည်းဆိုတော့ ပေါင်ကြားထဲမှာ ပရွက်ဆိတ်ဝင်နေတယ်ဆိုပဲ...
လက်ကလည်း သပိတ်ကပိုက်ထားတော့ လက်ကမအား လူကြားထဲလည်းဖြစ်ပြန်...
ဒီတော့ ပရွက်ဆိတ် ထွက်ကျလိုကျညားပေါ့ ပေါင်နှလုံး ဟိုဘက်ပွတ် ဒီဘက်ပွတ်နဲ့...
နောက်ကကြည့်ရတော့ လိမ်ဖယ်ဖယ်ဖြစ်နေမယ်ထင်ပါတယ်...
ဆရာတော့်နောက်က ကိုယ်တော်က စဉ်းစားတယ်...
ဆရာတော်ကပြောထားတယ် ဆွမ်းခံကြွရင် သူလုပ်သလိုလုပ်တဲ့...
ငါလည်း ဆရာတော့်လို လုပ်ရမှာပဲလေ ဆိုပြီး လိမ်ဖယ်ဖယ်လျှောက်တော့...
နောက်ကဦးဇင်းတွေလည်း လိမ်ဖယ်ဖယ်ဖြစ်ကုန်ရောဆိုပဲ...

ဒီလိုနဲ့ ပုရွက်ဆိတ်ကတော့ မထွက်ဘူး ဆွမ်းလောင်းသူများရှေ့ ရောက်ပြီ...
ဒကာမများက စဉ်းစားတယ်တဲ့လေ...
ဒီနေ့ တို့ကျောင်းကဆရာတော်ဘုရား ဖင်လိမ်းကွင်းအကနဲ့လာတာ ထူးခြားတယ်...
ဧကန်တ တရားထူးရလာကြတာနဲ့တူတယ်ဆိုပြီး အရမ်းကြည်ညိုကြတယ်ဆိုပဲ...

သူတို့ကတစ်မျိုးလေး ဘုန်းကြီးကလည်းတစ်မျိုးလေးပေါ့...
သပိတ်ကို လက်မှာကိုင်လိုက်... လွယ်ကြိုးနဲ့လွယ်လိုက်... ပြန်ကိုင်လိုက်ပေါ့...
ဒုက္ခ... ဒီဒုက္ခ ဘယ်တော့ငြိမ်းမလဲ...
သာမန်ကတော့ ပူနေတဲ့သပိတ်ကလေး အေးသွားရင်ငြိမ်းမယ်...

လောကဓံတဲ့ ...
လောကကြီးမှာ အဆင်ပြေတာလည်းတွေ့ရ အဆင်မပြေတာလည်း ကြုံကြရနဲ့ပါ...
အရာရာဟာ အံဝင်ခွင်ကျတော့ အမြဲမဖြစ်နိုင်ဘူးလေ...
မိမိကြုံတွေ့ရတဲ့အပေါ် သင့်တင့်မျှတစွာ နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ အေးတယ်...
ဒီလိုနှလုံးသွင်းနိုင်ရင်တော့ အံမဝင်ပေမဲ့ ခွင်ကျနိုင်ပါတယ်...
နှလုံးသွင်းတွေ မကောင်းရင်တော့...
ပူတော့လည်း ပူလိုက်တာ...
အေးတော့လည်း အေးလိုက်တာဆိုပြီး အမြဲပဲ အလိုမကျ ဖြစ်နေတော့မှာပါ...
ဒါကြောင့် အရာရာမှာ နှလုံးသွင်းလေး ကောင်းပါစေ...
ယောနိသော မနသိကာရ သင့်တင့်မျှတစွာ နှလုံးသွင်းပါ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၁၁.၃.၂၀၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မသေလို့နေရ တစ်နှစ်ရှိသွားပြီ...


11.1.11

ဒီနေ့ ဆန်ဖရန်စစ်ကို လောကနာထကျောင်းမှာ သီတင်းသုံးတာ တစ်နှစ်ပြည့်တဲ့နေ့...
ဆွမ်းဒကာမက ဒီနေ့မလာနိုင်လို့ မနေ့ညက အဖေါ်တစ်ဦးနဲ့ လာပို့သွားပြီ...
ဒီမနက်တော့ ဒကာတစ်ဦးက အဲဒီဆွမ်းကို လာကပ်ပေးပါတယ်...

ဆွမ်းကပ်ရင်းနဲ့ ပြောဖြစ်လိုက်တဲ့ စကားလေးကတော့...
ဒကာကြီး မေတ္တာပို့ဖြစ်ရဲ့လားဆိုတော့...
တင်ပါ့ ပို့ဖြစ်ပါတယ် ဘုရား...
ကောင်းတယ်ဒကာကြီး...
သတ္တဝါတွေဟာ သူသူကိုယ်ကိုယ် မေတ္တာလိုချင်ကြပါတယ်...
ဒါပေမဲ့ ကိုယ်က သူ့ကို မေတ္တာပို့ရမှာပါလားဆိုတာကြတော့ မေ့နေကြတယ်...
သဘောက... လိုတော့ လိုချင်ကြတယ် မပေးချင်ကြဘူးပေါ့...
မေတ္တာတရားမဖြစ်ကြတော့ ဒေါသတရားတွေ ဖြစ်ပေါ်လာတတ်ပါတယ်...
မှန်ပါ့ဘုရား ဒီနိုင်ငံကလူတွေ ပိုဆိုးပါတယ်ဘုရား...
တပည့်တော်က သွားရင်းလာရင်း သူတစ်ပါးကို အကူအညီပေးလာတော့...
တပည့်တော်လိုတော့လည်း အကူအညီတွေ ပြန်ရပါတယ်ဘုရား...
ဝမ်းသာစရာပါ...

မှန်ပါတယ်ဒကာကြီး
ကိုယ်ကသူ့ကို ကောင်းတာတွေပေးတော့ ကောင်းကျိုးက ကိုယ်ဆီပြန်လာတာပေါ့...
အကျိုးက ချက်ခြင်းပြန်ပေးရင်ပေး မပေးသေးရင် တချိန်တော့ပေးမယ်လေ...
ဒါ့ကြောင့် ကောင်းကျိုးတွေရဖို့ ကုသိုလ်အမြဲ လုပ်နေဖို့လိုပါတယ်...
မကောင်းတဲ့ကံသုံးပါးကို မလွန်ကျူးနဲ့... အမြဲရှောင်...


အရှင်ဘုရား သွားရလာရတာ လမ်းတွေကလည်း အရမ်းပျက်...
တလောကဆို မီးရထားဇလီဖားတုံးတွေ ပြင်နေတာ အကြာကြီးပဲ...တဲ့...
အရှင်ဘုရားကျောင်းက မီးရထားလမ်းနဲ့နီးတော့ လှုပ်တယ်ဘုရား...
ခုခေတ် အဆောက်အဦးတွေဆောက်ရင် ငလျင်ဒဏ်ခံအောင်
အောက်မှာ ရာဘာခင်း ကျောက်ခင်းပြီးမှ ဆောက်ကြတယ်...
မလှုပ်အောင် လှုပ်တဲ့ဒဏ်ခံနိုင်အောင် တဲ့...

...စကားကောင်းပြောရင်းက တရားစကားကနေ ဘေးကွေ့သွားပြီ...
လျှပ်စစ်မီးရထား ဇလီဖားတုံးနဲ့ ကျောင်းတုန်တာ ရောက်သွားပြန်ပြီ...
ဒီလိုပါပဲ ကြုံတုန်းပြောရတာဆိုတော့ စကားကောင်းကို ပြန်ဆွဲယူရင်ယူ မယူရင်တော့...
အကြာကြီးပေါ့... ဟိုရောက်ဒီရောက် မိုင်တစ်ရာလောက်တော့ ပါသွားနိုင်တယ်...

ဒကာကြီးတို့ ထမင်းစားရင် ဘာတွေတွေးလို့ နှလုံးသွင်းပြီး စားကြသလဲ... အမျိုးမျိုးပါပဲဘုရား... ဘုန်းကြီးတို့ကိုတော့ မြတ်ဗုဒ္ဓက တရားသဘော ဆင်ခြင်ပြီး စားဖို့ ညွှန်ပြ သင်ပြထားတယ် ဒကာကြီး... စားတိုင်းဆင်ခြင်ရမှာကတော့... ငါ ဒီအစားစာတွေကို ဘုဉ်းပေးတာ ခန္ဓာကိုလှပဖို့ ကြီးမားထွားကျိုင်းဖို့ မဟုတ်ဖူး... သူတော်ကောင်းတရားတွေကျင့်ဖို့ ခန္ဓာကိုယ်မျှတ ကျန်းမာရုံ ဘုဉ်းပေးတယ်... ဒီလို နှလုံးသွင်းခိုင်းတယ် ဒကာကြီး... ရှေးသူတော်ကောင်းများ ဒီလိုနှလုံးသွင်းခဲ့ကြလို့ အရိယာဖြစ်သွားသူတွေ မနည်းဘူး... သီရိလင်္ကာမှာဆို တခေတ်တစ်ခါက အရိယာ မဖြစ်ဖူးတဲ့ ဆွမ်းစားဇရပ် မရှိဘူးတောင် ဆိုကြပါတယ်... ဘုန်းကြီးတို့ ကျင့်ကြရမှာတွေ...

မှန်လှပါဘုရား အချိန်နည်းလို့ တပည့်တော်ကို အလုပ်သွားခွင့်ပြုပါဦး...

ကောင်းပါပြီဒကာကြီး...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
---×---

ခုခေတ် ဆွမ်းဘုဉ်းရင်း အရိယာဖြစ်သွားတာ ရှိမရှိတော့ မပြောတတ် မပြောနိုင်ပါ...
တချို့လည်း ဆင်ခြင်မှု ပြုကြသေးရဲ့လား မသိပါ...
မိမိကိုယ်တိုင် အမြဲ ဆင်ခြင်မိအောင်တော့ ကြိုးစားရမှာပါပဲ...
ကျောင်းတစ်ကျောင်းက ဆရာတော်များကတော့ ဆင်ခြင်ကြတာ တွေ့ရပါတယ်...
မိမိကျောင်းကို လာရင်လည်း မိမိကနှစ်သက်တော့ သံပြိုင်ဆိုကြပါတယ်...
ဒီလိုဆင်ခြင်နေကြ သူတို့ကျောင်းမှာ တစ်နေ့က ကထိန်မှာတော့ မလုပ်ကြပြန်ဘူး...
ကြွလာတဲ့ ဘုန်းတော်ကြီးတွေကို အားနာလို့ထင်ပါရဲ့...
တကယ်တော့ အားနာစရာ မဟုတ်ပါဘူး...
မြတ်ဗုဒ္ဓက ရဟန်းတိုင်းကို ခိုင်းထားတာ လုပ်သင့်တဲ့အလုပ် လုပ်ရမဲ့အလုပ်ပါ...
ပင့်သံဃာတွေကလည်း ဝမ်းမြောက်ဝမ်းသာ လုပ်ကြမယ်ထင်ပါတယ်...
တချို့လည်း စိတ်ထဲမှာ နှလုံးသွင်းတော့ ရှိကြမှာပါ...

ဒီအကျင့်ကို ကျောင်းတိုင်း ဆွမ်းစားတိုင်း ကျင့်ကြရင် သိပ်ကောင်းမှာပါပဲ...
အရှင်ကောင်းတို့ ဒီစာလေးဖတ်မိပြီး မေ့နေသူများ ပြန်လည်ကျင့်ကြပါစေ...
မြတ်ဗုဒ္ဓက ဘုန်းကြီးတို့ကို
ဆွမ်းဘုဉ်းစဉ်၊ သင်္ကန်းဝတ်နေစဉ်၊ ကျောင်းတွင်းနေစဉ်၊ ဆေးမှီဝဲစဉ်...
တပည့်သားတွေကို ကိလေသာမဖြစ်စေဖို့ရာ အမြဲဆင်ခြင်ရန် ညွှန်ပြထားတာပါ...

ဒကာဒကာမတွေ ဗဟုသုတဖြစ်စေရန် မြန်မာလိုထည့်ပေးလိုက်ပါ့မယ်...
မိမိတို့နဲ့ သက်ဆိုင်ရာ စကားလုံးလဲလှယ်ပြီးတော့လည်း ဆင်ခြင်နိုင်ကြပါတယ်...

ဆွမ်း၌ ဆင်ခြင်ရန်...
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။

သင်္ကန်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေ လွှဲသုန်၊ ဟိရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

ကျောင်း၌ ဆင်ခြင်ရန်...
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

ဆေး၌ ဆင်ခြင်ရန်...
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကျင့်ဖြည့်စွမ်းဖို့၊ ရည်မှန်း သုံးဆောင်ပါသတည်း။

ဦးလောကနာထ
၁၁.၁.၁၁
မသေလို့နေရ တစ်နှစ်ရှိသွားပြီ...
တစ်နှစ်အတွင်း ငါ့မှာ ဘာတွေပါပြီလဲ...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်း...


၁၀.၂၇.၂၀၁၁

လက်ကောက်ဝတ်မှာ စွပ်ထားတာက ဘာလေးလဲ ဒကာကြီး...
အကြောင်းအကျိုး မရှိပါဘူးဘုရား...
တရုတ်ကျောင်းကပေးတာနဲ့ လက်မှာစွပ်ထားလိုက်တာပါတဲ့...

တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကိုရောက်လာလို့
ဟိုအကြောင်း ဒီအကြောင်း ပြောရင်းကနေ...
သူ့လက်မှာ စွပ်လာတဲ့ ပုတီးလေးတစ်ခု အကြောင်းပြုပြီး မေးဖြစ်ပြောဖြစ်တာလေးပါ...
သူကတော့ အကြောင်းအကျိုး မရှိပါဘူးတဲ့...
ထေရဝါဒ ဘုန်းကြီးကျောင်းရောက်လာတော့
တရုတ်ကျောင်းနဲ့ ပတ်သက်တာ ပြောရခက်လို့လားတော့ မသိပါဘူး...
သူ့အကြောင်းနဲ့သူပေါ့လေ...

ဒကာကြီး အကြောင်းအကျိုးမရှိပဲ စွပ်ထားရတာ အဓိပ္ပါယ်မရှိ ဖြစ်နေမယ်...
အဓိပ္ပါယ်ရှိအောင် ဒီလို နှလုံးသွင်းပါ...
ကိုယ်ကလည်း ကိုယ်နဲ့သက်ဆိုင်တာကို ခိုင်းလိုက်ရမှာပါပဲ...

လက်မှာရှိတဲ့ပုတီးလေးမြင်တော့ ကုသိုလ်ပြုရမှာပါလားလို့ သတိရလိုက်ပါ...
မေတ္တာပို့ချင်ရင် ပို့လိုက်...
ဘုရားဂုဏ်တော်လေး ပွားချင်ရင် ပွားလိုက်...
သတိပဋ္ဌာန်ဆိုတာကတော့ လုပ်နိုင်ရင် အကောင်းဆုံးပေါ့... ဒကာကြီး...

မေတ္တာပို့တတ်အောင် ဂုဏ်တော်ပွားတတ်အောင် သတိပဋ္ဌာန်နဲ့နေတတ်အောင်
မြတ်ဗုဒ္ဓက သင်ပေးထားတော့ ဗုဒ္ဓဘာသာဝင်တွေအတွက် နည်းရသွားပါပြီ...
သာသနာပမှာဆို သတိပဋ္ဌာန်ဆိုတဲ့အမည်လေး ကြားတောင်မကြားရဘူး...
ဒါကြောင့် မသိသေးရင် လေ့လာပါ ကျင့်ပါ... တန်ဖိုးကြီးပါတယ်...
သာသနာနဲ့တွေ့တုန်းမို့သာ ကျင့်နိုင်တာပါ...

လက်မှာပတ်ထားတဲ့ပုတီးလေးကို ကုသိုလ်ပြုဖို့ သတိပေးတဲ့ အရာလေးလို့မှတ်ထား...
ပတ်ထားရုံနဲ့ကတော့ ဗုဒ္ဓအလိုအရ ဘာမှဖြစ်မလာဘူးနော်...
သတိကအရေးကြီးပါတယ်... ဒါကြောင့် ထိတိုင်းမြင်တိုင်း သတိရပါ...

တစ်လတစ်ခါ ဒကာကြီး ကျောင်းကိုလာပြီးလှူနေတာ ကုသိုလ်ရပါတယ်...
ဒီကုသိုလ်မျိုး ရဖို့ဆိုတာ ကျောင်းလာရတယ် လှူဖွယ်ရှိရတယ် မဟုတ်လား...
နေ့တိုင်းအချိန်တိုင်း ဒီကုသိုလ်က လုပ်လို့မရဘူးပေါ့...
မေတ္တာပို့တယ် ဂုဏ်တော်ပွားတယ်ဆိုတာ နေ့တိုင်းအချိန်တိုင်း လုပ်လို့ ရတယ်လေ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...
ဒါနလည်းလုပ်တာပေါ့...
ဘာဝနာဆိုတာကိုလည်း လုပ်ဖြစ်စေချင်ပါတယ်...

ရှာကြဖွေကြ စားသောက်ကြနဲ့ ပျော်မယ်ပါးမယ်ဆိုတာကတော့
ဘဝတိုင်းမှာ လုပ်နေရတာ လုပ်ကိုလုပ်နေကြတာပါ...
ဘုန်းကြီးတို့ လူ့ဘဝရတုန်း ကောင်းမှုဆိုတာကို ပိုပြီးလုပ်နိုင်ကြတယ်...
ကောင်းမှုဆိုရာမှာလည်း သာသနာတွင်းဖြစ်တော့
လုပ်မယ်ဆိုရင် ပြည့်ပြည့်ဝဝကို လုပ်နိုင်တဲ့အချိန်အခါပဲ...
ဒါကြောင့် လုပ်ဖြစ်အောင်လုပ်ပါ...

တင်ပါ့ တပည့်တော်ကြိုးစားပါမယ်ဘုရား...

ကောင်းပါလေ့ဒကာကြီး... သာဓု သာဓု သာဓု...
မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
၁၀.၂၇.၂၀၁၁



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...

10.25.2011 
တယ်လီဖုန်းက ပိကျိ... ပိကျိ... တဲ့...
ဦးလောကနာထ စကားပြောနေပါတယ်...
လျှောက်စရာရှိတာ လျှောက်ထားနိုင်ပါတယ်...

တပည့်တော် - - - ပါ ဘုရား...
တပည့်တော်တို့ အရှင်ဘုရားကျောင်းရှေ့မှာ ရောက်နေပါတယ်...
ခေါင်းလောင်းတီးတာ တံခါးလာမဖွင့်လို့ပါ...
အရှင်ဘုရား ကျောင်းမှာ ရှိပါသလား...

မရှိပါဘူးဒကာကြီး... အပြင်မှာ လမ်းလျောက်နေပါတယ်...
ကျောင်းနားတော့ ပြန်ရောက်နေပါပြီ...
တစ်ပြလောက်ပဲ လိုပါတော့တယ်...
ကောင်းပါပြီ အရှင်ဘုရား ကျောင်းရှေ့က စောင့်နေပါ့မယ်...
စကားသာ ပြန်ပြောနေရတယ်...
တစ်နာရီခွဲလောက် လမ်းလျှောက်ထားတော့ မောတော့ အတော်မော...

ကျောင်းရောက်ပြီးနောက် ပါလာတဲ့ ကိစ္စလေးတွေ ပြောကြဆိုကြပေါ့...
ပြီးတော့ ဒကာမကြီးက သူလှူထားတဲ့ ဘုရားပန်းအိုးလေး ရေဖြည့်ဖို့ဘုရားစင်အသွား...
ဒကာကြီးက ဘုရားစင်ပေါ်က သစ်သီးတွေမြင်ပြီး စကားစလာပါတယ်...
အရှင်ဘုရား ဒီသစ်သီးတွေကို တပည့်တော်ယူသွားပြီး စားရင် ရပါသလား...
သိချင်လို့ မေးမြန်းတဲ့သဘော နေမှာပါ...
မရဘူးဒကာကြီး... ဒကာကြီးကို ဘုန်းကြီးပေးလို့ မရနိုင်ဘူး...

ဘာလို့လည်း အရှင်ဘုရား...

မိမိကျောင်း ဘုရားစင်ပေါ်မှာရှိတဲ့ သစ်သီး ပစ္စည်းဖြစ်တဲ့အတွက်...
ဘုန်းကြီးမှာ ပေးပိုင်ခွင့်တော့ ရှိပါတယ်...
ဒါပေမဲ့ ဘယ်လိုလူမျိုးကို ပေးရင် အပြစ်မဖြစ်ဖူး ဖြစ်တယ်ဆိုတာ ရှိပါတယ်...
ဒကာကြီးဟာ ဘုန်းကြီးပေးရမဲ့သူ ပေးသင့်သူထဲမှာ မပါဘူး...
ပေးရင်အပြစ်ဖြစ်လိမ့်မယ်လို့ ပြောလိုက်တော့...

ဘယ်လိုလူမျိုးကို အရှင်ဘုရားက ပေးပိုင့်ခွင့် ရှိတာပါလဲဘုရား...

ရဟန်းရဲ့အမေရင်း အဖေရင်းဖြစ်တဲ့ မယ်တော်ခမည်းတော်ကို ပေးနိုင်ပါတယ်...
သိက္ခာထပ်ပေးလို့ တော်ရတဲ့ ရဟန်းမယ်တော်မျိုး မဟုတ်ပါဘူး... မိခင်ရင်းပါ...
ဘုန်းကြီးများအတွက် ဝေယျာဝစ္စ တကယ်လုပ်ပေးနေတဲ့ ကပ္ပိယကို ပေးနိုင်ပါတယ်...
သူခိုးဓမြတွေနှင့် အစိုးရမင်း ဝန်ထမ်းများကို ပေးနိုင်ပါတယ်...
အစိုးရကို လာဘ်ထိုးတာ ဒီကစတာလားဘုရား... တဲ့...
မဟုတ်ပါဘူးဒကာကြီး မပေးရင် ဘေးဖြစ်တတ်လို့ပါ...

တနည်းအားဖြင့် ဘုန်းကြီးတို့ သီတင်းသုံးဖေါ်ငါးဦးကိုလည်း ပေးနိုင်ပါတယ်...
ဒီငါးဦးက ဘိက္ခု ဘိက္ခုနီ သာမဏေ သာမဏေရီ သိက္ခမာန် တဲ့...
ခုခေတ်တော့...
ဘိက္ခုနီ(ရဟန်းမ) သာမဏေရီ(ကိုရင်မ) သိက္ခမာန်(ကိုရင်မ ပြုလုပ်မည့်သူ)
ထေရဝါဒသာသနာမှာ မရှိတော့လို့...
ဘိက္ခု(ရဟန်း)နဲ့ သာမဏေ(ကိုရင်)ကိုပဲ ပေးခွင့်ရပါတော့တယ်...

ဒါပေမဲ့... ရေဘေး လေဘေး မီးဘေးစသည် ဘေးအမျိုးမျိုးကြောင့်
တကယ် ဆင်းရဲ မွဲတေနေလို့ ပေးရတာမျိုးတွေလည်း ရှိတတ်ပါတယ်...
ဒါက မေတ္တာ စေတနာသန့်သန့်နဲ့ ပေးလှူနေကြတာမျိုးတွေပါ...
ဒီကိစ္စမျိုးနဲ့... ဘုရားစင်ပေါ်ကသစ်သီး ကျောင်းပစ္စည်း
ဟိုလူဒီလူကို ပေးတာမျိုးနဲ့တော့ ရောတွက်လို့ မရဘူးပေါ့...

အင်မတန်မွန်မြတ်တဲ့ဒါနတွေပါ... လူတိုင်းလုပ်နိုင်ခဲပါတယ်...

ဒကာကြီးကတော့ ဘုန်းကြီးပေးရမဲ့ ဒီလူတွေထဲက လွတ်နေတာမို့ ပေးမရတာပါ...

ဒီလိုမှမဟုတ်ပဲ ကျောင်းလာသူတွေကို သစ်သီးပေး ပန်းပေး ဆပ်ပြာခဲပေးနေရင်တော့..
ရဟန်းတော်များ မလုပ်သင့်သော... မအပ်စပ်သော...
အနေသနလို့ခေါ်တဲ့ မသင့်သော စီးပွားရှာဖွေခြင်း ဖြစ်သွားတတ်ပါတယ်...
အနေသန အကျယ်သိလိုလျှင်... (ဒဿနခရီးစဉ် ဒီနေရာ)
ဒါကတော့ ထေရဝါဒမူပါ...
မဟာယာန ဗုဒ္ဓဘာသာကတော့
ဘုရားသစ်သီးစားရင် ကျန်းမာရေးကောင်းတယ်ဆိုပြီး စားခိုင်းကြတာပါပဲ...
ကြာတော့လည်း ဒီအကျင့်က တချို့ဘုန်းကြီးများထံမှာ ရောလာပါတယ်...

ဒကာကြီးတော့ ခွဲခွဲခြားခြား နားလည်သွားပါပြီ...

အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
ဦးလောကနာထ
၁၀.၂၅.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကထိန်သင်္ကန်း လှူဒါန်းခြင်း... 2011


၂၀၁၁ ကထိန်သင်္ကန်း လှူဒါန်းခြင်း...


မယံဘန္တေ သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာယ သပရိဝါရံ ဣမံ ကထိနစီဝရံ ကထိနတ္ထာယ သံဃဿ ဒေမ။ ဣမိနာ စီဝရေန ကထိနံ အတ္ထရတ။
အရှင်ဘုရား တပည့်တော်တို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါရခြင်းအကျိုးငှာ အခြံအရံ လှူဒါန်းဘွယ်နှင့်တကွသော ဤကထိန်သင်္ကန်းကို သံဃာတော်မြတ်အပေါင်းအား လှူဒါန်းပါ၏။ တပည့်တော်တို့ လှူဒါန်းအပ်သော ဤကထိန်သင်္ကန်းဖြင့် ကထိန်ခင်းတော်မူကြပါဘုရား။

ဒါကတော့ သံသရာဝဋ်ဆင်းရဲကလွတ်ဖို့ရာအတွက် သံဃာကိုရည်မှန်း ကထိန်သင်္ကန်း လှူပါတယ်ပေါ့... ဒီသင်္ကန်းနဲ့ ကထိန်ခင်းဖို့ တောင်းဆိုတာလေးပါ...

ယနေ့ အောက်တိုဘာလ ၂၃-ရက်နေ့မှာ ကထိန်သင်္ကန်းလှူဒါန်းကြပါတယ်...
ဆန်ဖရန်စစ်စကို လောကနာထ ဘုန်းကြီးကျောင်းမှာ သံဃာတော် ၆-ပါးကို ကထိန်သင်္ကန်းများနဲ့အတူ လှူဒါန်းဖွယ်ရာ အဖြာဖြာကို ဆရာဝန်များအသင်းက ဦးဆောင်ပြီး ဘေးဧရိယာမှာ ရှိကြတဲ့ အမျိုးကောင်းသားသမီးများက စုပေါင်း၍ လှူဒါန်းခြင်းဖြစ်ပါတယ်...


အခန်းအနားကိုတော့
နံနက် ၉နာရီ ၁၅ မိနစ်အချိန်မှာ ဒကာဒကာမများက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ကြပါတယ်... ဆရာတော် ဦးလောကနာထထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် သံဃာတော်များမှ ပရိတ်တရားတော်များ ချီးမြှင့်ကြပါတယ်... ပရိတ်တရားတော်များနာကြားပြီး ကထိန်သင်္ကန်းနှင့်အတူ လှူဒါန်းဖွယ်ရာများကို လှူဒါန်းကြလို့ နောက်ဆုံးမှာတော့ လှူဒါန်းမှု အစုစုအတွက် ဝမ်းမြောက်ဖွယ်ရာ အနုမောဒနာစကားကို ဆရာတော် ဦးဂရုဓမ္မကဟောကြားပြီး အမျှဝေ ရေစက်ချ သာဓု သုံးကြိမ်ခေါ်လို့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်...

အခမ်းအနားပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်ကြ၍...
ရောက်ရှိလာသူ ပရိသတ်ကို စားသောက်ဖွယ်ရာများ ကျွေးမွေးကြပါတယ်...

ကထိန်နှင့်စပ်၍ သိဖွယ်ရာ အကျဉ်းမျှ...
ကထိန်သင်္ကန်းဆိုတာ သံဃာကိုရည်မှန်း လှူဒါန်းခြင်းဖြစ်ပါတယ်...
ကထိန်ခင်းတယ်ဆိုတာ ဘုန်းတော်ကြီးများကသာ ခင်းရပါတယ်...
ဒကာဒကာမတို့က သင်္ကန်းအလှူရှင်သာ ဖြစ်ကြပါတယ်... ခင်းသူမဟုတ်ပါ...
ကထိန်သင်္ကန်း အလှူခံခွင့် ရသူများကတော့...
ပထမဝါဆိုထားသူ ဝါမကျိုးမပေါက်သူ ဘုန်းကြီးများသာ အကျိုးရနိုင်ပါတယ်...
ကထိန်သင်္ကန်းအလှူခံခွင့်ဟာ တစ်ကျောင်းတိုက်မှာ တစ်ကြိမ်သာ ရပါတယ်...
ကထိန်သင်္ကန်းကို အလှူခံခွင့်ရသော အချိန်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ ဖြစ်ပါတယ်...


ကထိန်ခင်းသူဘုန်းကြီး ရရှိသောအကျိုး ၅-မျိုးက
   ၁...စာရိတ္တသိက္ခာပုဒ်-၉၅၊ ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားမှု...
   ၂...ပထမကထိနသိက္ခာပုဒ်-၂၀၊ သင်္ကန်းအပိုဆောင်မှု (အထုပ်ပိုတွေနှင့် ခရီးသွား၍)
   ၃...ဒုတိယကထိနသိက္ခာပုဒ်-၂၁၊ (ဒုကုဋ်)သင်္ကန်းဖြင့် ညဥ့်ကင်းနေမှု...
   ၄...ဂဏဘောဇနသိက္ခာပုဒ်-၈၁၊ မအပ်သော အသုံးဖြင့် (စားသောက်ဖွယ်ရာကို)ဖိတ်ကြားမှု...
   ၅...သံဃိကသင်္ကန်းကို ကထိန်ခင်းသော ရဟန်းတို့သာ ပိုင်ဆိုင်ရခြင်း...
သိက္ခာပုဒ် ၄-မျိုး ကင်းလွတ်၍ လာဘ်လာဘအကျိုး ၁-မျိုးရရှိခြင်းတို့ ဖြစ်ပါတယ်...
သိက္ခာပုဒ်ကင်းလွတ်ခွင့်ကာလကတော့
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်မှ တပေါင်းလပြည့်နေ့ထိ ၅-လတိုင်ဖြစ်ပါတယ်...


ကထိန်ခင်းသူ ဘုန်းကြီးများ အကျိုးတရားများစွာ ရရှိသလို
လှူဒါန်းသူ ဒကာဒကာမများလည်း အကျိုးတရားများ ရရှိမှာဖြစ်ပါတယ်...


ရရှိနိုင်သော အကျိုးတရားများကတော့...


ကထိန်အကျိုးဟာ သည်လိုပါ...
   ၁...သွားလေရာရာ ဘေးကင်းတာ ကထိန်အကျိုးပါ...
   ၂...တာဝန်ပေါ့ပါး အလုပ်များ လွယ်လွယ်ပြီးစီးမှာ...
   ၃...စားကောင်းသောက်ဖွယ် ပေါများတယ် အဆိပ်ဘေးကင်းမယ်...
   ၄...မိမိပိုင်တယ် ပစ္စည်းရယ် မဖျက်ဆီးနိုင်ကွယ်...
   ၅...ကိုယ်မပေးလို ပစ္စည်းကို သူယူမရဆို...
   ဒီအကျိုးတွေ ကောင်းလှတယ် နှစ်စဉ်တို့ယူမယ်...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၁၀.၂၄.၂၀၁၁
ကထိန် ကဌိန် ကထိန ကဌိန ကထိန်သင်္ကန်း





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


အရှင်ဘုရား အမေကိုတော့ လူအိုရုံပို့လိုက်ပါပြီ...


အရှင်ဘုရား အမေကိုတော့ လူအိုရုံပို့လိုက်ပါပြီ...
ဒါက လွန်ခဲ့သောသုံးနှစ်လောက်က ဒကာလေးတစ်ဦး ပြောခဲ့တဲ့ စကားပါ...

ဒီနိုင်ငံအနေအထားကတော့ များသောအားဖြင့် မိဘတွေကြီးလာရင် လူအိုရုံပို့ကြရတာပါပဲ... ဒီလိုသတင်းတွေ သိရကြားရခါစကတော့ စိတ်မကောင်း ဖြစ်မိတာအမှန်... ငါ့အလှည့် ဘယ်တော့လဲလို့လည်း တွေးမိတယ်... ကြားရဖန်များတော့လည်း နားယဉ်လာတယ်ပေါ့...

မိဘများကို ဒီလိုနေရာ ပို့ကြသူတွေကတော့ မိသားစုအရေး ပုံစံမျိုးစုံပါပဲ... မပို့ပဲ သားသမီးတွေနဲ့ သေသည်ထိ နေထိုင်ပြုစုသွားနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ... ဒီဒကာလေး မိဘကတော့ ပို့မှသာ သက်တမ်းပိုရှည်မယ်... မိဘလည်း နေထိုင်ရ သက်တောင့်သက်သာဖြစ်မယ် ကျန်းမာရေး ပိုဂရုစိုက်နိုင်မယ်ဆိုပြီး ပို့ကြတဲ့ သဘောပါ... ပို့ပြီးနောက် အပတ်စဉ်သွား ကျွေးမွေးပြုစုပေါ့... ကြုံရင်သူပြောပြသမျှ နားထောင်ရခြင်းအားဖြင့် ကျေးဇူးရှင် မိဘအပေါ် သားတစ်ဦးရဲ့ တာဝန်ကျေအောင် အမြဲ ဆောက်ရွက်နေတဲ့သဘော ရှိပါတယ်...

ခုတော့ အိုနာနေတဲ့ မိခင်ကြီး အခြေအနေက အတော်ဆိုးလာပါပြီ...ငြိမ်းချမ်းပါစေ...

လူငယ်ကို အရင်မေးကြည့်မိတယ်...
ဒကာလေးကော ဒီအခြေအနေမျိုးရောက်ရင် ဘယ်လိုလုပ်မလဲပေါ့...
ဆေးဆိုင်ကနေ ဆေးပဲ ဝယ်သောက်လိုက်တော့မယ်တဲ့... (သေနိုင်တဲ့ဆေး)
မကောင်းလိုက်တာ...

လူကြီးကိုမေးကြည့်တော့...
တပည့်တော်တို့ ဘယ်တော့သေမယ် မသိဘူးလေဘုရား...
မသိနိုင်ခြင်းအကြောင်းတရား ငါးပါးရှိတယ်လေ... ဒီတော့ မစဉ်းစားတော့ဘူးတဲ့...

ဒီအဖြေတွေကြားရတော့ ဘုန်းကြီးတို့မှာ တာဝန်ရှိတယ်လို့ တွေးမိပါတယ်...
လူငယ်ကိုတော့ အဆင်ပြေတဲ့တစ်နေ့ သင်ပေးရဦးမယ်...
လူကြီးကတော့ ရှေ့ပိုင်းမှာ ဟုတ်ပြီး နောက်ပိုင်းကြတော့ ကွေ့သွားပြန်တယ်...
ဟောပြပြောပြသင်ပြရမှာ ဘုန်းကြီးတို့ရဲ့တာဝန်တွေပါ...
ဆရာတော်များကတော့ နေရာတကာမှာ ပုံစံစုံနဲ့ သင်ပေးနေကြပါတယ်...
ယူနိုင်သလောက် ရကြမှာကတော့ ဒကာဒကာမတို့အပိုင်းပေါ့...

လူ့ဘဝကသေပြီးနောက် အပါယ်ရောက်သူများဟာ ကမ္ဘာမြေကြီးလောက် ရေတွက်မရလောက်အောင် အရေအတွက် များတဲ့အကြောင်း... လူ့ဘဝတစ်မနက်ဟာ အပါယ်ဘဝ တစ်မနက်ထက် သက်သာတဲ့အကြောင်းတွေ... လူဆင်းရဲထက် အပါယ်ဆင်းရဲက သာပြီးဆိုးတဲ့အကြောင်းတွေ... ဒကာလေးကို အချိန်ရလို့ အခြေအနေပေးလာခဲ့ရင် သင်ပြပြောပြ ပေးရပါဦးမယ်...

မသိနိုင်ခြင်းအကြောင်းတရား ငါးပါးရှိတာမှန်ပါတယ်...
ဘယ်အရွယ် ဘာနဲ့ ဘယ်မှာ... ဘယ်အချိန် ဘယ်ကိုသွား ဘာမှမသိနိုင်ပါ...
ဒီအဆိုအတိုင်းပါပဲ...

ဘယ်အရွယ်မှာ သေမယ်...
ဘာရောဂါနဲ့ သေမယ်...
ဘယ်နေရာမှာ သေမယ်...
ဘယ်အချိန် သေမယ်...
ဘယ်ဘဝကို သွားရမယ်... မသိနိုင်ဘူးပေါ့...

ဒီလို ဘာမှမသိနိုင်တဲ့အတွက်ကြောင့် လုပ်သင့်တဲ့ သိက္ခာသုံးပါး...
အချိန်မှီလုပ်ကြဖို့ နှိုးဆော်တိုက်တွန်းရပေမည်...
သိက္ခာရှိရင် ရှိသလောက် နေသာမယ် ဆိုတာလေးတွေ ပြောပြရပေဦးမည်...

ဒီမှာကလည်း စားသုတ်သုတ် သွားသုတ်သုတ်ဆိုတာလိုပါပဲ...
ကျောင်းလာသူများအားလုံး အချိန်မရှိကြဘူး ပြောကြတယ်...
ဘဝတိုင်းမှာ သူကခေါ်နေကြ သူခေါ်ရင်တော့ မအားဘူးဆိုလို့ မရဘူး...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...

ဦးလောကနာထ
၁၀.၂၁.၂၀၁၁




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဒေသာပင်သီးဖို့လား...


ဒကာတစ်ယောက် လက်ထဲမှာ ပစ္စည်းလေးကိုင်လို့ ကျောင်းပေါ်တက်လာတယ်...

ဒီမှာကလည်း ဒကာတွေ လုပ်နေဆဲ ကထိန်ပဒေသာပင်ကြီးက ရှိနေတော့ ဘာရယ်မဟုတ် နှုတ်ဆက်ရင်းနဲ့ မေးလိုက်တယ်လေ... ပဒေသာပင်သီးဖို့လားလို့... ဒီတော့ ဒကာက မဟုတ်ပါဘူးဘုရား လမ်းကကောက်လာတာပါ... ပြီးတော့ ဆက်ပြောလာတာက ဒီလိုကောက်လာတဲ့ပစ္စည်း လှူလို့ရပါသလား...

ပစ္စည်းကြည့်လိုက်တော့ အမှောင်ခွင်းလို့ အလင်းဆောင်မဲ့ လက်နှိပ်ဓာတ်မီး...
ငလျင်ဒေသတွေဆိုတော့ အရေးပေါ်သုံး ဓါတ်ခဲမလိုတဲ့ ဓာတ်မီးလေးပါ...


ဒကာရယ် ဒါနဆိုတာက စေတနာရယ် ပစ္စည်းရယ် အလှူခံသူရယ် ဒီသုံးမျိုးပြည့်စုံပြီဆို ဒါနခေါ်ဆို အလှူတစ်ခု ဖြစ်ပြီပေါ့... တပည့်တော်က ပစ္စည်းအဟောင်းတွေ ကောက်လာတဲ့ပစ္စည်းတွေဆို လှူလို့မသင့် မရဘူးထင်လို့ဘုရား... လှူလို့ကတော့ ရပါတယ်ဒကာ... မိမိစေတနာပေါ်မူတည်လို့ အကျိုးပေးကတော့ ကွာသွားမယ် ဒါလောက်ပါပဲ... ငါသုံးပြီးသားလှူမယ် မကောင်းတာလှူမယ် ဆိုရင်တော့ စေတနာအားနည်းတယ်ပေါ့... ဒီတော့ အကျိုးပေးညံ့တတ်ပါတယ်... ဒီလိုစိတ်မျိုးမဟုတ်ပဲ အခြေအနေအရ ပစ္စည်းဟောင်းလှူရတယ် ကောက်ရလာတဲ့ပစ္စည်း လှူရတယ် ဆိုပေမဲ့ ရရှိသူ စိတ်ချမ်းသာပါစေ အဆင်ပြေပါစေ မိမိအသုံးမပြုတော့ပဲ စွန့်လွှတ်ပြီး လှူလိုက်တော့မယ် အစရှိသည် စေတနာကောင်းတွေ မွေးမြူ လှူဒါန်းမယ်ဆို အကျိုးကြီးပါတယ်...

ဘုရားရှင်လက်ထက်က ပုဏ္ဏားလင်မယား ဘုရားကို ဆွမ်းကျန်လှူတာ ကြားဖူးလားဒကာ...
မသိပါဘုရား...

ဇာတ်လမ်းအကျဉ်းက ဒီလိုဒကာကြီး...

ပုဏ္ဏားကြီး ထမင်းစားနေစဉ် ဘုရားရှင် ရောက်သွားပြီး အလှူခံတဲ့ဇာတ်လမ်း...

ပုဏ္ဏားက အိမ်ထဲမှာ လမ်းဘက်ကို ကျောပေးပြီး ထမင်းထိုင်စားနေစဉ် ပုဏ္ဏေးမက လမ်းမဘက်ကို မျက်နှာမူလို့ လိုအပ်တာပြုစုနေတယ်လေ... ဒီအချိန်မှာ ဘုရားရှင်က ကြွလာပြီး ဆွမ်းရပ်တယ်... အလှူခံသူဆိုတာ သူတစ်ပါးက မမေးပဲနဲ့ နှုတ်ကနေ ထုတ်ဖေါ်မပြောကြပါဘူး... (အရှင်ဘုရား ဘာလိုပါသလဲ ဆိုတော့မှ ထုတ်ဖေါ်ပြောဆိုတာက အလှူခံတို့ရဲ့ ယဉ်ကျေးမှုပါ...)

ဘုရားရှင် ဆွမ်းခံရပ်တာကို ပုဏ္ဏေးမက မြင်တော့ ပုဏ္ဏားကြီးသိရင် အကုန်လှူတော့မှာပဲ ငါတော့ ပြန်ချက်ရတော့မှာပဲဆိုပြီး ကန်တော့ပါသေးရဲ့လို့ ဆိုလိုတဲ့ တိုးတိုးလေး အမူအရာနဲ့ ပြတယ်တဲ့... ဒီတော့ဘုရားရှင်ကလည်း မသွားဘူးဆိုတဲ့သဘော ခေါင်းခါပြီး အမူအရာနဲ့ပဲ ပြတယ်ဆိုပါတယ်... ဘုရားရှင်က အမူအရာနဲ့ပြတော့ ပုဏ္ဏေးမက ရယ်ချင်စိတ်ကို မအောင့်နိုင် ရယ်မိတယ်ပေါ့... ပုဏ္ဏေးမ ရယ်တော့ ပုဏ္ဏားကြီးက ဘာပါလိမ့်ဆိုပြီး လှည့်အကြည့် ရောင်ခြည်တော်ကို ဖူးမြင်ရတော့မှ ဘုရားရှင် ကြွလာတာ သိသွားပြီး... မြတ်စွာဘုရားကို မေးလျှောက်တယ်... အရှင်ဘုရား တပည့်တော် ထမင်းစားနေဆဲ ဖြစ်ပါတယ် ပုဂံထဲမှာ တစ်ဝက်ကိုတော့ ဖယ်ထားတာ ရှိနေပါတယ် သည်တစ်ဝက်ကို အရှင်ဘုရားတို့ အလှူခံပါသလားတဲ့... ဒီတော့ မြတ်စွာဘုရားက ပုဏ္ဏားကြီး ရဟန်းဆိုတာ သူတစ်ပါးကို မှီပြီး အသက်မွေးရတာဖြစ်တယ်... အကောင်းလှူလှူ အညံ့လှူလှူ အကျန်လှူလှူ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မရှိပဲ အလှူခံပါတယ်တဲ့...

မြတ်စွာဘုရားတောင် ဒီလိုအလှူမျိုးကို ခံယူသေးတာဒကာ
ဒကာပစ္စည်း လှူဒါန်းခွင့်ရှိတာပေါ့...

ဒါလောက်ပါပဲ...
ကျန်တာကတော့ ဟိုအကြောင်း ဒီအကြောင်း...

ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၀.၁၉.၂၀၁၁
----------------------------------------------------------------
ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း မရှိပဲ အလှူခံပါတယ်တဲ့...

ကြည်ညိုဖွယ် အလွန်ကောင်းပါတယ်...
ဘုန်းကြီးကတော့ တစ်ခါတစ်ရံ ချီးမွမ်းမိပါတယ်...
နောက်ဆို သတိထားဖွယ်ရာတွေ... ကျင့်ဖွယ်ရာတွေပါ...


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဒီတစ်ပါတ် ဘာကုသိုလ်တွေပါလဲ...


တစ်ပါတ်တော့ ပြည့်သွားပြန်ပြီနော်...

ဒီတစ်ပါတ် ဘာကုသိုလ်တွေပါလဲ...
ဒါကတော့ သည်ဒကာကြီးလာတိုင်း သူ့ကို နှုတ်ဆက်နေကြ သတိပေးစကားပါ...
သည်လိုမေးတော့ ကုသိုလ်ပြုဖို့ သတိရစေမယ် ထင်ပါတယ်...

သူလည်း ဖြေတတ်လာပါပြီ...
အရှင်ဘုရားကို ဆွမ်းလှူဖို့ နေ့စဉ် အချိန်အတော်များများ သတိရနေပါတယ်...

အရင်ကတော့ ဒီလိုမေးရင် အင်းအဲနဲ့ ပြီးသွားတတ်တယ်လေ...

ဒကာမကြီးက အလုပ်များနေတော့ ဒကာကြီးကပဲ တာဝန်ယူရတယ်...
ကိုယ်တိုင်ဈေးဝယ် ကိုယ်တိုင်ချက်
အလုပ်ရုံအသွားမှာတော့ ကိုယ်တိုင်ဝင်ပြီး အရုဏ်ဆွမ်း ကပ်နေသူဖြစ်တယ်...
တစ်ပါတ်တစ်ခါ ကုသိုလ်ယူ(ကိုယ်ကျိုးရှာ)နေတာပေါ့...
(ဒီစာရေးရင်းနဲ့ ကြားကဖြတ်လို့ စဉ်းစားမိတာက... ကိုယ်ကျိုးပဲ ရှာနေတာ ဘယ်ကောင်းမလည်းဆိုတဲ့စကား လူတွေ သုံးတတ်ကြပါတယ်... ခုလို ကောင်းမှုကုသိုလ် ပြုခြင်းဟာ တကယ်တော့ကိုယ်ကျိုးပဲ ဒီကံရဲ့အကျိုးဟာ မိမိအတွက်သာ ဘယ်သူ့အတွက်မှ မပါဘူး... ဒါဆိုရင် ကိုယ်ကျိုးပဲကြည့်တယ် ဘယ်ကောင်းမလည်း ဆိုတဲ့စကားဟာ နေရာတကာမှာ သုံးလို့ မဖြစ်တဲ့ မပြည့်စုံတဲ့ စကားတစ်ခွန်းသာ ဖြစ်မယ်ထင်ပါတယ်... တစ်ချို့က ပစ္စေကဗုဒ္ဓကိုတောင် စွပ်စွဲကြတယ်... တကိုယ်ကောင်းဆန်တယ်တဲ့... ကိုယ်ကျိုးပဲ ကြည့်တယ်တဲ့...)

သဒ္ဓါတရားကို အခြေခံလို့
သည်တစ်ပါတ် ဘယ်လိုချက်ပြီးလှူရင် ကောင်းမလဲ စဉ်းစားနေတာလည်း ကုသိုလ်ပဲ...
ဆွမ်းချက်ဖို့ ဘာတွေဝယ်ရရင်ကောင်းမလဲ စဉ်းစားနေတာ ကုသိုလ်ပါပဲ...
ဘုန်းကြီးနဲ့ တည့်တဲ့ဆွမ်းချက်လှူနေခြင်းဟာ ဆွမ်းအလှူ ဆေးအလှူ ဖြစ်ကြောင်း...
ကောင်းစေလိုတဲ့စိတ်နဲ့ ချက်ပြုတ်နေစဉ်မှာလည်း ကုသိုလ်ဖြစ်နေကြောင်း...
ကျောင်းကို ဆွမ်းသွားကပ်မယ်ဆိုပြီး ကားမောင်းလာဆဲမှာလည်း ကုသိုလ်ပဲ...
ဒီအလုပ်တွေ လုပ်နေဆဲမှာ သတိလေးကပ်ထားနိုင်ရင် အကျိုးပိုကြီးတယ်...
ဒီလိုပြောပြထားတော့ သိသင့်သလောက်တော့ သိလာတယ်ထင်ပါတယ်...
နောက်ထပ်ပြီး လုပ်ဖို့လိုလာတာကတော့ မေတ္တာဘာဝနာ...
ပွားများတတ်အောင် မြတ်စွာဘုရားက သင်ပေးထားခဲ့ပြီ...
လေ့လာကြပြီး လုပ်ဖို့ပဲ လိုတော့တယ်...
ဆက်လုပ်နိုင်ပြီဆိုရင်တော့ သတိပဋ္ဌာန်ပေါ့...

ဒကာဒကာမများ မဟာသတိပဋ္ဌာန်သုတ်တော်ကို ဖတ်စေချင်ပါတယ်...
ဗုဒ္ဓဘာသာဝင်တွေ မဖတ်ဖူးကြတာများတယ် ဒါ စိတ်မကောင်းစရာပါပဲ...
မြန်မာပြန် ဖြစ်တဲ့အတွက် အခက်အခဲလည်း ရှိမှာမဟုတ်ပါဘူး...
နေ့စဉ် ရွတ်ဖတ်ပူဇော်နိုင်ရင် အလွန်ကောင်းပါတယ်...
တစ်ချို့ဆို ပဋ္ဌာန်းတရားကို နေ့စဉ် ပူဇော်ကြပါတယ်...
ပဋ္ဌာန်းရွတ်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ် ကောင်းပါတယ်...
ဒါပေမဲ့ အဓိပ္ပါယ်ကတော့ သိနိုင်ခဲတယ်...

ဒီတော့ အဓိပ္ပါယ်လည်းသိနိုင် သာသနာရဲ့ကျင့်စဉ်လည်းဖြစ်နေတဲ့...
သတိပဋ္ဌာန်မြန်မာပြန်ကို အမြဲရွတ်ဖတ်ပူဇော်သွားရင်...
သတိပဋ္ဌာန်လေးပါး အဓိပ္ပါယ်လည်း သိလာမယ်...
သတိနဲ့ နေတတ် သွားတတ် ကျင့်တတ်လာမယ်...
ဒါဆိုရင် ပူပင်သောကတွေ ကင်းဝေးလာပါလိမ့်မယ်...
နောက်ဆို ဆရာတော်တွေဟောတဲ့ တရားတွေကို နာတဲ့အခါမှာလည်း
လွယ်ကူစွာနဲ့ အဓိပ္ပါယ်တွေ ပိုပြီး ရှင်းလင်း နားလည်လာပါလိမ့်မယ်...

အမြဲရွတ်ဖတ် ပူဇော်နိုင်ကြပါစေ...

No comments:

Post a Comment