Saturday, 5 November 2011

လမ်းခွဲကြပါစို့




တွဲလက်တွေ ခိုင်ခိုင်မြဲ၊ ဘယ်တော့မှ မခွဲကြေးနော်လို့ ပြောခဲ့ကြပေမယ့် ဒီနေ့တော့ တို့တွေ မျက်နှာလွှဲ လမ်းခွဲလိုက် ကြတာပဲ ကောင်းပါတယ်။

လူ့စိတ်ဆိုတာ ပြောရအင်မတန်ခက်ပါတယ်။ တစ်ခါ တစ်ခါလည်း အရိုင်းအစိုင်းသဘောနဲ့ တိရိစ္ဆာန်စိတ် တွေနှောလို့ ..။ ရိုင်းတယ်၊ အတ္တဆန်တယ်၊ မာနကြီးတယ်၊ မာယာတွေများတယ်၊ မေတ္တာတုတွေနဲ့ ဟန်ဆောင်ကြတယ်။ သည်းမခံချင်ဘူး၊ ခွင့် မလွှတ်ချင်ဘူး။ စိတ်တွေမငြိမ်ဘူး၊ မငြိမ်းဘူး။ ဒါကြောင့် တစ်ခါတစ်လေ လူဆိုတာ မျောက်ကနေ ဆင်းသက်လာတယ် ဆိုတာကို လက်ခံရမလိုပဲ။ တစ်ခါတစ်လေတော့လည်း အဲ့သည့်စိတ်က ယဉ်ယဉ်ကျေးကျေး၊ အတ္တတွေခ၀ါချလို့၊ မေတ္တာ အပြုံးတွေနဲ့ နွေးထွေးလို့၊ သည်းခံမှု၊ ခွင့်လွှတ်မှု၊ သနားကရူဏာထားမှု၊ မုဒိတာပွားမှု၊ ဥပေက္ခာထားမှုဆိုတဲ့ ဗြဟ္မစိုတရား တွေနဲ့ သိပ်ကိုလှပနေပြန်တာပါပဲ။ ဒီလိုဆိုပြန်တော့လည်း လူဆိုတာ သူတို့တွေ ပြောကြသလို ဗြဟ္မာကနေ ဆင်းသက်လာ တယ်ဆိုတာကို ကျွန်တော် နှစ်သက်ပြန်ပါတယ်။

လူ့စိတ်မှာ ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ တရားတွေ အခွင့်သင့်ရင် သင့်သလို ဖြစ်နေပါတယ်။ အကုသိုလ်စိတ်တွေ ဖြစ်နေ တဲ့အခါ လူဟာ အရုပ်ဆိုး အကျည်းတန်၊ တကယ့်ကို လူမဆန်တဲ့အရာတွေကို ပြုမှုလို့၊ ကုသိုလ်စိတ်တွေ ဖြစ်နေတဲ့အခါမှာ တော့ ရုပ်ရည်တွေကြည်လင်၊ စိတ်ဓာတ်တွေ ဖြူစင်လို့ …။ တိရိစ္ဆာန်တစ်ပိုင်း နတ်တစ်ပိုင်းဖြစ်နေတဲ့သူတွေလို စိတ်ကောင်းတွေဖြစ်လိုက် စိတ်ဆိုးတွေဖြစ်လိုက်နဲ့ပေါ့။ ဒီလိုဆိုတော့ စိတ်ထဲမှာ စေတီပုထိုးတွေမှာ တွေ့ရတတ်တဲ့ မနုဿသီဟလို နတ်ခေါင်းနဲ့ တိရိစ္ဆာန်ခန္ဓာဖြစ်နေတဲ့ အကောင်တွေကို ပြေးမြင်မိပြန်တယ်။ ဟုတ်တယ်။ လူဆိုတာ တစ်ခါ တစ်လေ နတ်လိုပဲ။ တစ်ခါတစ်လေ တိရိစ္ဆာန်လိုပဲ။ နတ်တိုင်း စိတ်ကောင်းမရှိပါဘူးကွာ၊ တိရိစ္ဆာန်တိုင်း စိတ်ထားမရိုင်း ပါဘူးကွာလို့ ပြောချင်တဲ့သူက ပြောကြပါလိမ့်မယ်။ ကျွန်တော်ကတော့ နတ်ဖြစ်တာဟာ ကုသိုလ်စိတ်ကောင်းလေး ကြောင့်ဖြစ်ပြီး၊ တိရိစ္ဆာန်ဖြစ်တာဟာ အကုသိုလ်စိတ်ဆိုးစိတ်ယုတ်ကြောင့်ဖြစ်တာ လို့ ကျွန်တော်ယုံကြည်မိပါတယ်။

မင်္ဂလသုတ်တော်ကြီးမှာ မြတ်စွာဘုရားရှင်ကတော့ အ သေ၀နာ စ ဗာလာနံ …. လို့ နတ်သားကို ဟောတော်မူခဲ့ပါတယ်။ လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ ..ဆိုတဲ့ ငယ်ငယ်တုန်းတည်းက ရွတ်ခဲ့ရတာလေး နှုတ်ထဲက ခုထိမထွက်ပါဘူး။ လူမိုက်ဆိုလျှင် ရှောင်ပါတဲ့။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ပါလို့ ဆိုတာပါ။ ဒီနေရာမှာတော့ မြန်မာစကားကိုပဲ နည်းနည်းရှင်းပြဖို့ လိုလာပြီထင်ပါတယ်။ ဘာလဲဆိုတော့ မှီဝဲတယ်ဆိုတဲ့ စကားပါပဲ။ ဥပမာ။ ။ လူနာတစ်ယောက်အတွက် ဆေးမှီဝဲနေရတယ်ဆိုတာဟာ ဒီဆေးကို အမြဲတမ်းသုံးဆောင်နေရတယ်၊ စားသုံး နေရတယ်လို့ ဆိုလိုတာပါ။ ဆေးကိုမှီဝဲလိုက်တဲ့အတွက် ဆေးရဲ့အာနိသင်တွေဟာ တစ်ကိုယ်လုံးပျံ့နှံ့တည်ရှိပြီး လူကို သက်သာရာ ရစေပါတယ်။ အဆိပ်ကို မှီဝဲမိသူကတော့ တစ်ကိုယ်လုံး အဆိပ်အာနိသင်တွေ ပျံ့နှံ့ပြီး သေဆုံးခြင်းကို ရောက်ကြရပါတယ်။

ဒီလိုပါပဲ။ လူမိုက်ဆိုတာဟာလည်း လူက မိုက်တာမဟုတ်ပါဘဲ စိတ်ကမိုက်တာပါ။ အင်္ဂုလိမာလမထေရ်ဟာ လူ့ဘ၀ တုန်းကတော့ လူမိုက်ကြီးပေါ့။ လူတွေကိုသတ်၊ လက်ညှိးဖြတ်နေတဲ့သူ။ ဘာကြောင့်လဲဆိုတော့ စိတ်မိုက်နေလို့ပါ။ စိတ် မိုက်လို့ လူမိုက်နေရတာပါ။ ရဟန္တာဖြစ်သွားတဲ့အခါမှာတော့ စိတ်မမိုက်တော့ပါဘူး။ စိတ်ထားတွေ နုညံ့သိမ်မွေ့သွားပါပြီ။ ဒါကြောင့်လူလည်း မမိုက်တော့ပါဘူး။ စိတ်မိုက်တာဟာ အဓိကကျတဲ့အချက်ပါပဲ။ ဒါကြောင့်လဲ လူမိုက်ကိုရှောင်ဆိုတာဟာ ထိုသူ့မှာရှိတဲ့ စိတ်မိုက်ကိုရှောင်လို့ဆိုတာပါ။ ဘယ်လိုရှောင်ရမလဲဆိုတော့ မမှီဝဲသောအားဖြင့် ရှောင်ရမှာပါ။ စိတ် မိုက်တွေကို မှီဝဲလိုက်တာနဲ့တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ မကောင်းတဲ့ အကုသိုလ်အာနိသင်တွေ ပျံ့နှံ့ပြီးတည်နေ တာဖြစ်လို့ အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှပါတယ်။

မိမိမနှစ်သက်တဲ့စကားတစ်ခွန်းကို ကြားလိုက်တာနဲ့ စိတ်ထဲမှာ ဒေါသထွက်မိတာဟာ ဒေါသကို မှီဝဲလိုက်တာပါပဲ။ ဒေါသနဲ့ ပေါင်းသင်းလိုက်တာပါပဲလို့ ကျွန်တော်မြင်မိပါတယ်။ တစ်ဦးအပေါ်တစ်ဦး အနိုင်လိုချင်တဲ့ ဒေါသတရားတွေ ကြီးစိုးလာတဲ့ အခါ၊ တစ်ဦးနဲ့ တစ်ဦး သူ့ထက်ငါ သာချင်တဲ့ အပြိုင်အဆိုင်မာနတရားတွေ အားကြီးလာတဲ့အခါ ပညာရှိတို့ရဲ့ ဆုံးမစကား သည်ပင် နောက်ဆုတ်ခဲ့ကြရပါတယ်။ အကုသိုလ်တရားတို့ရဲ့အစွမ်းကလည်း အံ့မခန်းပါပဲ။ တစ်ခါတုန်းက ကောသမ္ဗီပြည် က ၀ိနည်းဆောင်ရဟန်းနဲ့ သုတ္တန်ဆောင်ရဟန်းတို့ အချင်းများကြတဲ့အခါ မြတ်စွာဘုရားရှင်က ကြားဝင်ပြီး ဆုံးမစကား မြွတ်ကြားပါသော်လည်း နားမျှမ၀င် အရာမထင်ခဲ့တာကို ကြည့်ပြီး မကောင်းတဲ့ စိတ်ဓာတ်ဆိုးတွေဟာ တစ်ကယ်ကို ကြောက်စရာကောင်းလှပါလားလို့ မြင်မိလာပါတယ်။

ကောင်းမှုနှင့် မကောင်းမှု၊ ဓမ္မနှင့်အဓမ္မ၊ ကုသိုလ်နဲ့ အကုသိုလ်ဆိုတာတွေမှာ ကောင်းတဲ့ကုသိုလ်တရား၊ ဓမ္မတို့ကသာလျှင် မကောင်းမှု အကုသိုလ်တရား၊ အဓမ္မတရားတို့ကို အနိုင်ရကြစမြဲသာဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်တရားတွေကို နိုင် ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုက ကောင်းမှုကုသိုလ်တရားတွေကို လုပ်ရဲတဲ့သတ္တိရှိဖို့ပဲ လိုတာပါ။ မကောင်းမှုတရားတွေ ကိုစွန့်ရဲတဲ့ သတ္တိပဲလိုတာပါ။ မကောင်းမှုကို စွန့်ရဲတဲ့သတ္တိလည်းမရှိ၊ ကောင်းမှုကို ပြုရဲတဲ့ သတ္တိလည်းမရှိတဲ့အခါ မကောင်း မှုအကုသိုလ်တရားတွေရဲ့ ထိုးနှက်ချက်ကို အလူးအလဲခံကြရပါတော့တယ်။ ကောင်းမှုတရားတစ်ခုကို ရရှိဖို့အတွက်၊ အမှန် တရားတစ်ခုကို ရရှိဖို့အတွက်ဆိုရင် စွန့်လဲစွန့်ရဲ ရတယ်၊ အစွန့်လည်းခံရဲ ရပါတယ်။ ထိုသူတွေထဲမှာတော့ မြတ်စွာ ဘုရားရှင်က အသာလွန်ဆုံးပါပဲ။

ပြောရရင် ဥရုဝေလမှာ ဘုရားဖြစ်ဖို့တရားကျင့်စဉ်ကာလတုန်းက တို့ဘုရားအလောင်းတော်ဟာ ခန္ဓာကိုယ်ကို အလွန် ပင်ပန်းဆင်းရဲခံပြီး ကျင့်တဲ့အခါမှာ သူ့အနားမှာ ၀တ်ကြီးဝတ်ငယ်ပြုနေကြတဲ့ ပဉ္စ၀ဂ္ဂီ(၅)ဦးရှိကြပါတယ်။ ဒီအတိုင်းသာကျင့်ရင် တို့အရှင် ဘုရားဖြစ်ပြီဆိုတဲ့မျှော်လင့်ချက်နဲ့ စောင့်မျှော်ရင်း အလုပ်အကျွေးပြုနေကြတာပါ။ မြတ်စွာဘုရားအ လောင်းတော်က ဒီအတိုင်းအပင်ပန်းခံပြီး ကျင့်တာဟာ တရားရဖို့မဟုတ်ဘူး။ ဆင်းရဲကြောင်းသာဖြစ်တယ်ဆိုပြီ အလယ် အလတ်ကျင့်စဉ်ကို ကျင့်သုံးပါတော့တယ်။ ဒီအခါ ထိုအရှင် ၅ ဦးတို့က အလောင်းတော်ကို တရားရဖို့လမ်းမမြင်တော့ဘူး ဆိုပြီး ဘုရားအလောင်းတော်ကို စွန့်ခွာသွားကြပါတယ်။ မြတ်စွာဘုရားရှင်ကလည်း မိမိရဲ့ အခြွေအရံတွေ စွန့်ခွာသွားလို့ အမှန်တရားရှာတဲ့လမ်းကို မပြောင်းလဲခဲ့ပါဘူး။ အစွန့်ပစ်ပဲ ခံခဲ့ပါတယ်။ အမှန်တရားတစ်ခုအတွက် အစွန့်ပစ်ခံရဲတဲ့၊ တနည်းအားဖြင့် လမ်းခွဲရဲတဲ့ သတ္တိကို မကြည်ညိုပဲ မနေနိုင်ခဲ့ပါဘူး။

ကောသမ္ဗီပြည်မှာ သံဃာတွေသင်းကွဲတုန်းကလည်း သံဃာထုကိုစွန့်ခွာပြီး တစ်ပါးတည်း ဧကစာရီတောရဆောက်တည် ခဲ့ဖူးပါတယ်။ သစ္စာတရားတစ်ခုအတွက် အခြွေအရံပရိတ်သတ်ကို မငဲ့ကွက်ပဲ တစ်ပါးတည်း လမ်းခွဲခဲ့တဲ့ မြတ်စွာဘုရားရှင်ဟာ လောကသားအားလုံးရဲ့ အတုယူစရာ စံပြပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ဝန်းကျင်ကနေ ခွဲထွက်နိုင်ရဲတဲ့ မြတ်စွာဘုရားရှင်ရဲ့သတ္တိဟာ လူနတ်ဦးခိုက် ပူဇော်ထိုက် လှပါတယ်။ သတ္တိဆိုတာ သိတတ်တာပါပဲကွာလို့ ဆရာတော်ကြီးတစ်ပါး မိန့်ဖူးပါတယ်။ သတ္တိဆိုတာ သိတတ်တာတဲ့။ ဘာတွေကို သိတတ်ရမှာလဲ။ ကောင်းတာတွေကို ကောင်းတယ်လို့ သိတတ် ရမယ်။ မကောင်းတာကိုလည်း မကောင်းဘူးလို့ သိတတ်ရမယ်။ မကောင်းတာတွေကို စွန့်ခွာရဲတဲ့ သတ္တိရှိဖို့ လိုအပ်သလို ကောင်းတာတွေကို လုပ်ဆောင်ရဲတဲ့သတ္တိရှိဖို့ဟာလည်း အရေးကြီးပါတယ်။။ ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် တို့တွေလက် တွဲခဲ့တာဟာ၊ တို့တွေ မှီဝဲခဲ့တာတွေဟာ မကောင်းတာတွေပဲ များခဲ့တာပါ။ ပါပသမိံ ရမတိ မနော …. စိတ်ဆိုတာ မကောင်း မှုမှာပဲ မွေ့လျော်တတ်တယ်လို့ ဆိုတာကိုး။ ဒီတော့ မကောင်းမှုကနေ တို့တွေ လမ်းခွဲမှပဲ တော်လိမ့်မယ်ထင်တယ်။

သံသရာတစ်လျှောက်လုံး အတ္တဆန်မှုတွေ၊ ရန်လိုမှုတွေ၊ အနိုင်လိုမှုတွေ၊ လောဘဒေါသ မာန်မာနတရားတွေနဲ့ လက်တွဲ၊ တို့တွေ မှီဝဲလာလိုက်တာ ကြာခဲ့ပါပြီလေ။ ကြာပင်ကြာငြားသော်လည်း မဟောင်းနိုင်း မမေ့နိုင် ယနေ့တိုင် သူတို့နဲ့ လက်တွဲလာခဲ့ကြပေမယ့် ဒီနေတော့ အားလုံးကိုကျောခိုင်း ခပ်ရိုင်းရိုင်းလူသားဆိုတဲ့ မကောင်းမှုတရားတွေနဲ့ မဆုံဖို့ တို့တွေ လမ်းခွဲကြပါစို့။

သတိထား အသိပွားနိုင်ကြပါစေ။




မဟာလူသား

ထိုနေ့က …

ကောင်းကင်ယံမှာ တိမ်တွေကင်းစင်နေတာမဟုတ်ပေမယ့် နေအလင်းရောင်ကောင်းစွာရ နေတော့ ခြေထောက်တွေက ပန်းခြံဆီကို လျှောက်လှမ်းဖို့ ဦးတည်နေပါတော့တယ်။ မနီးမဝေးပန်းခြံ ဆိုပေမယ့် ဘူတာ ၅ ခုလောက်တော့ စီးလိုက်ရ တာပါပဲ။ ဘူတာကအထွက် မဆိုင်းမတွ မိုးကခပ်သည်းည်းလေ ရွာချလိုက်ပါတော့တယ်။ အဆောင်ကထွက်တုန်းကတော့ နေရောင်ကိုဖြာလို့။ ခုတော့လည်း မိုးတွေကို ရွာလို့ ပါလားလို့ အတွေးတွေက ၀င်လာပြန်ပါတယ်။ ကံ ဆိုးသူတို့ သွားလေရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိုးဖြစ်မယ်ထင်တယ်လို့ တစ်ယောက်ကဆိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး ရွာပါစေလို့ပဲ ဆုတောင်းနေမိပါတော့တယ်။


ရေတွေ ကြာတွေအကြောင်းကို တဖွဲ့တနွဲ့စာမရေးတတ်ပေမယ့် ဘ၀မှာကြုံတွေ့ရသမျှ ရေနဲ့ကင်းကွာခဲ့တယ်လို့ကို မရှိခဲ့ပါဘူး။ ရေတွေက ကျေးဇူးကြီးကြပါတယ်။ အသုံးချတတ် သူအတွက် ရေဟာ တန်ကြေးကြီးသလောက် အသုံးမချတတ်သူ အတွက်တော့ တန်ဖိုးရှိတဲ့အရာလို့တောင် ထင်မည်မဟုတ်ပါဘူး။ အစွမ်းအစရှိတဲ့သူတွေအတွက်တော့ ရေကိုလိုသလို အသုံးချနိုင်လိမ့်မယ်ကွာ… လို့ မိတ်ဆွေတစ်ယောက်ကပြောဖူးပါတယ်။ ဒါနဲ့ပဲ သူက စကားကို ထပ်ဆက်လိုက်ပါသေးတယ်။ အားခေးမီးဒီရဲ့ အကြပ်ရိုက်နေတဲ့ ရွှေခိုးမှုပြဿနာကို အဖြေရှာဖို့ရာအတွက် အကယ်၍ ရေသာမရှိခဲ့ရင် ဘယ်လိုများ သူဖော်ထုတ်မလဲမသိဘူးတဲ့။ ရေလျှံကျရာကနေ အဖြေကိုရှာတွေတဲ့အခါမှာတော့ ပျော်လွန်းလို့ အ၀တ်ဗလာနဲ့ လမ်းတစ်လျှောက် ပတ်ပြေးဘူးတယ်ဆိုပဲ။ ပျော်လွန်းတဲ့အခါ ဒီလိုပဲပတ်ပြေးတတ်ကြသလားလို့ မဆီမဆိုင် တွေးမိလိုက် ပါသေးတယ်။ မဖြစ်နိုင်ပါဘူး။ ဘုရားရှင်အစရှိတဲ့ အရိယာကြီးတွေ ခန္ဓာအိမ်ကို အကြိမ်ကြိမ်တည်ဆောက်တဲ့ တဏှာ လက်သမားကို ရှာဖွေတွေ့ရှိခဲ့တဲ့အချိန်မှာ ဘယ်လောက်များ ပျော်နေလိုက်မလဲ။ သို့သော် ထိုသူတို့အပျော်ကတော့ သံသရာမှာ ပတ်ပြေးဖို့ မဟုတ်တော့ပါဘူး။ ပတ်ပြေးခဲ့သမျှ ရပ်ချလိုက်တဲ့အတွက် ပျော်တာမျိုးပါ။


အဲ့သည့်မတိုင်ခင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသာဘ၀တုန်းက သူ့ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားကြတဲ့ သူတွေအားလုံးက ကိုယ့်အတွက်ပဲ ကြည့်တဲ့သူတွေချည်းပါပဲ။ ကိုယ့်နိုင်ငံသာယာဖို့၊ ကိုယ့်လူမျိုးကောင်းစားဖို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တွေခင်းလို့ နိုင်ရာစားကြေးလုပ်နေကြသူချည်းပါပဲ။ အလောင်းတော်မင်းသားရဲ့ ဖခင်ကိုယ်တိုင်ကလည်း သားတော်ကို လေးကျွန်းလုံးအစိုးရတဲ့ စကြာမင်းပဲဖြစ်စေချင်တယ်။ ဖြစ်နိုင်ရင် အားလုံးကို ငါပဲ အုပ်ချုပ်ချင်တယ်။ အားလုံး ကိုငါပဲ နိုင်ချင်တယ်၊ ငါ့ကိုပဲ ရိုသေလေးစားကြစေချင်တယ်။ ငါ ပြောတာကိုပဲ နားထောင်စေချင်တယ်။ ငါ ခိုင်းတဲ့အတိုင်း လုပ်စေချင်တယ်။ ဒါတွေနဲ့ပဲ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားခဲ့တယ်။ ငါ့ဖို့၊ ငါ့အတွက်ဆိုတဲ့ ငါ ဆိုတဲ့ အတ္တတွေ ကြီးစိုးနေတဲ့နေရာကြီးဟာ တစ်ကယ်ပဲ နေသင့်နေထိုက်တဲ့နေရာကြီး ဖြစ်နိုင်ပါ့မလား။


အတ္တတွေ၊ မာနတွေထူပြောပြီး မနေသင့်တဲ့အရပ်ကို မြတ်စွာဘုရားရှင်ကတော့ အနတ္တတရားနဲ့ နေသင့်တဲ့အရပ် ဖြစ်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကုသိုလ်၊ ပညာ၊ ဥစ္စာ မရနိုင်တဲ့ဒေသကို ရနိုင်တဲ့ဒေသဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်။ စွမ်းနိုင်သူတို့ရဲ့ဆောင်ရွက်ချက်တွေဟာ အံ့မခန်းပါပဲ။ ပတိရူပ လို့ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာနေ ခြင်းဆိုတဲ့နေရာမှာ ကိုယ်က သင့်တင့်လျောက်ပတ် တဲ့နေရာမှာ နေထိုင်တာရယ်၊ ကိုယ်က သင့်တင့်လျောက် ပတ်တဲ့နေရာဖြစ်အောင် နေထိုင်တာရယ်ဆိုပြီး ၂ မျိုးလောက်ခွဲကြည့်လို့ရမယ်ထင်ပါတယ်။ တကယ်တော့ မြတ်စွာဘုရားရှင် ကြီးပြင်းခဲ့တဲ့ဝန်းကျင်ဟာ ပတိရူပဒေသလို့ မဆိုနိုင်သေးဘူး။ မြတ်စွာဘုရားရှင်အဖြစ် ပွင့်ထွန်းတော်မူလာတဲ့အခါမှသာလျှင် တကယ့်ကို နေဖို့သင့်လျော် တဲ့ဒေသကြီးဖြစ်ခဲ့ရတာပါ။


ပတိရူပဒေသဆိုတာ နေရာစွမ်းပါ။ အတ္တသမ္မာ ပဏီဓိ စ ဆိုတာက လူစွမ်းတာပါ။ အားလုံးသိကြတဲ့အတိုင်း သီရိဓမ္မာ အသောကမင်းကြီးဆိုရင်လည်း ရှုပ်ထွေလှတဲ့ ဘာသာရေး အခြေအနေကြားထဲကနေ ထေရ၀ါဒသာသနာကို ဆွဲထုတ်နိုင်ခဲ့ တာကလည်း နေရာစွမ်း ကြောင့်မဟုတ်ပဲ လူစွမ်းတဲ့အတွက်ကြောင့်သာ ဆောင်ရွက်နိုင်ခဲ့တာပါ။ အနော်ရထာမင်း တရားတို့လို တိတ္ထိအယူတွေကြားထဲကနေ တို့သာသနာကို ဆွဲထုတ်ပြနိုင်ခဲ့တာဟာ နေရာစွမ်းလို့မဟုတ်ပါဘူး။ လူစွမ်းလို့ပါ။ တကယ်တော့ ကောင်းတဲ့နေရာမှာ နေဖို့ဆိုတာထက် ကိုယ်နေတဲ့နေရာကလေး ကောင်းအောင်ပြုလုပ်နေထိုင်ဖို့က အရေး ကြီးမယ်လို့ထင်ပါတယ်။ ရေကန်အသင့် ကြာအသင့် ဆိုတဲ့နေရာမျိုးကို ရှာဖွေမနေပဲ ကိုယ်နေတဲ့အရပ်ကို ရေကန်တူးပြီး ကြာပေါက်အောင် လုပ်ဆောင်နိုင်တာမျိုးက ပိုပြီးသင့်တော်မယ်လို့ ထင်ပါတယ်။


နေရာကဘယ်လောက်ပင်စွမ်းစေဦးတော့။ မြတ်စွာဘုရားရှင်နဲ့ တစ်မြေတည်း နေ တစ်ရေ တည်းသောက်နေရတာထက် ဘယ်နေရာက စွမ်းဦးမှာလဲ။ ဘယ်နေရာကသာဦးမှာလဲ။ မြတ်စွာဘုရားရှင်နဲ့နေရာတာက နှိုင်းလို့မရအောင် သာလွန်ပါတယ်။ သို့သော် အရှင်ဒေ၀ဒတ် တို့အတွက်တော့ အဲ့ဒိနေရာက မစွမ်းပြန်ပါဘူး။ သူတို့ကိုယ်တိုင် အတ္တသမ္မာ ပဏီဓိ စ ဆိုတဲ့ မိမိကိုယ်ကိုယ်ကောင်းအောင် ထိန်းသိမ်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ပါ။ အဇာတသတ်ဆိုရင် ဖခင်အရိယာရဲ့ အရိပ်မှာ ခိုနားနေရတာ။ နေရာစွမ်းလိုက်ပုံများ။ မိမိကိုယ်ကိုယ် ကောင်းအောင် မထိန်းနိုင်တဲ့အတွက်ကြောင့် မမှားသင့်တဲ့ အမှားကြီးကို ကျူးလွန်းမိခဲ့ရပါတယ်။


ပုဗ္ဗေစ ကတပုညတာ ဆိုတဲ့ ရှေးကကောင်းမှုကုသိုလ်တွေကို ဉာဏ်နဲ့ယှဉ်ပြီးလုပ်တဲ့အခါမှာ နေရာကောင်းကိုလည်း ရနိုင်သလို၊ ဆရာကောင်းကိုလည်းတွေ့နိုင်တယ်။ မိမိကိုယ်ကိုယ် လည်း ကောင်းအောင်ထိန်းနိုင်တယ်လို့ဆိုပါတယ်။ သို့သော် လက်ယာတော်ရံ၊ လက်ဝဲတော်ရံ အစရှိတဲ့ ပစ္ဆိမဘ၀ိကသားလို့ခေါ်တဲ့ ဒီဘ၀မှာ မုချရဟန္တာဖြစ်မယ့်သူတွေအတွက်တော့ လုံလောက်တန်ရာပါတယ်။ သို့သော် ကုဋေရှစ်ဆယ်သူဌေးသားတို့၊ အဇာတသတ်၊ ရှင်ဒေ၀ဒတ် တို့အတွက်တော့ စိတ်မချ ရသေးပါဘူး။ ပင်ကိုယ်က ကုသိုလ်ကံ အဟုန်တွေရှိပါလျက်နှင့် မိမိကိုယ်ကိုယ် ဆောက်တည်နိုင်စွမ်းမရှိတဲ့အခါ ရှေးကောင်းမှု ကံရှိခြင်း၊ သင့်တင့်လျောက်ပတ်တဲ့အရပ်မှာနေခြင်းဆိုတာတွေဟာ နောက်ရောက် သွားခဲ့ရပြန်ပါတယ်။ မိမိ ကိုယ်ကိုယ်ထိန်းသိမ်းမှုဟာ အလွန်တရာ အရေးပါတယ်ဆိုတာ ပိုပြီးထင်ရှားမှာပါ။


ကျွန်တော်တို့အားလုံးအတွက်တော့ မြတ်စွာဘုရားရှင်ဟာ တကယ့်ကို မဟာလူသား တစ်ဦးပါပဲ။ ကောင်းမှုကံတွေ ပြည့်စုံအောင် အကြားအလပ်မရှိ ဖြည့်ဆည်းခဲ့တယ်။ ကိုယ်နေတဲ့နေရာ၊ ကိုယ်ရောက်တဲ့နေရာ၊ ကိုယ်ခေါင်းဆောင်တဲ့ အဖွဲ့၊ တိုင်းပြည် စတာတွေကိုလည်း ပတိရူပဒေသအဖြစ် စွမ်းဆောင်ပေးနိုင်အောင် ကြိုးပမ်းခဲ့တယ်။ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်းနိုင်ခဲ့သလို လောကသုံးပါးအတွက် စံပြအဖြစ်နေထိုင် ကျင့်သုံးသွားခဲ့တယ်။ ဘယ်နေရာ ဘယ်ရှုထောင့်က ပဲကြည့်ကြည့် မြတ်စွာဘုရားရှင်မှာ လစ်ကွက်၊ ဟာကွက်ရယ်လို့ကို မရှိပါဘူး။ ဒီလို အမူအကျင့်မျိုးကို အတုယူသင့်၊ နေထိုင်ကျင့်သုံးသင့်ပါတယ်။ ဒါကြောင့် ကောင်းမှုကုသိုလ်တွေလုပ်တဲ့အခါမှာ လစ်ကွက်၊ ဟာကွက်တွေ မဖြစ်စေချင်ပါဘူး။ ဒါနအမှုပဲပြုပြု၊ သီလအမှုပဲပြုပြု၊ သမထ၊ ၀ိပဿနာဘာဝနာ အမှုတွေပဲလုပ်လုပ် အားလုံးစုံအောင် ပြုလုပ်စေချင်ပါတယ်။ အချို့ကလည်း ဒါနအမှုဟာ သံသရာရှည်တယ်ဆိုပြီး မပြုဖြစ်လို့ လစ်ဟာကုန်တာတွေ၊ ဘုရားဆွမ်းတင်၊ ပန်းကပ်ကစပြီး အယူလွဲပြီး ကုသိုလ်စဲ ကုန်တာတွေ မဖြစ်အောင် နေထိုင်ကျင့်သုံးသင့်လှပါတယ်။


အဲ့ဒိနေ့က လမ်းတစ်လျှောက်မှာ မိုးတွေ တဖွဲဖွဲရွာနေတုန်းပါပဲ။ တစ်နေရာမှာ လင်းပြီး၊ တစ်နေရာမှာ ရွာတယ်ဆိုပေမယ့် သူရွာတဲ့အရပ်မှာတော့ ဒီနေရာတော့ မိုးစိုပါစေ၊ ဒီနေရာတော့ မိုးမစိုပါစေနဲ့လို့ မရှိပါဘူး။ လစ်ကွက်၊ ဟာကွက်မရှိအောင်ကို ရွာနေတာပါ။ ဒီလိုပဲ ကောင်းမှုတရားတို့နဲ့ ပြည့်စုံတဲ့ မင်္ဂလာတရား တော်တို့ကို ကျင့်သုံးတဲ့နေရာမှာ အကြွင်းအကျန်မရှိ ဟာကွက်မရှိပဲ မဟာအောင်ကျင့်သုံးနိုင်တဲ့ မဟာလူသားတွေ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း ဆွေးနွေး လိုက်ရပါတယ်။


အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။


ရေ နဲ့ ကြာ

နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။


အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာဆိုင်ရာဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော် တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။


ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမ္မာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိ စေတဲ့တရားတွေပါပဲ။


နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။ ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။


ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။ တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။ ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦးတော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာ မမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ် ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။


ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမ္မာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။


အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။


ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ် မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။


အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။


မခက်တာပဲ ကောင်းပါတယ်

လူမိုက်ကြီးတွေ ကျန်းမာကြပါစေ။ ချမ်းသာကြပါစေ။

တစ်ခါတုန်းက ဆရာတော်ကြီးတစ်ပါးက ဆွမ်းဘုဉ်းခါနီး မေတ္တာပို့သလိုက်တာလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မောင်မင်းကြီးသားတို့ မကြောက်မရွံ့အကုသိုလ်တွေပြုနေလို့သာ တို့များအသားစားနေရတယ်လေတဲ့။ သို့သော် ဒီအသား ဟင်းလျာက သန့်ပါတယ်။ ဘယ်သူ့အတွက်ကိုမှ ရည်ရွယ်ပြီးသတ်တာမဟုတ်တဲ့အတွက်ကြောင့်ရော၊ ကိုယ်ကသဘောတူ လို့သတ်တာမျိုးမဟုတ်တာကြောင့်ရော၊ ဒီအကုသိုလ်အမှုအပေါ် ၀မ်းမြောက်ဝမ်းသာ မဖြစ်တဲ့အတွက်ကြောင့်ရော၊ အကျိုး ပြပြီးကျူးလွန်းတာ မဟုတ်တဲ့အတွက်ကြောင့်ရော သန့်ပါတယ်။ တစ်ချို့ကလည်း ပြောကြတယ်။ ဘယ်သူမှ အသားမစား ရင် ဘယ်သူမှ မသတ်တော့ဘူးပေါ့တဲ့။ ဟုတ်သလိုလိုပဲ။ သို့သော် ဘယ်သူမှမစားပဲ သတ်နေကြတာတွေလည်း အများကြီး ပဲလေ။ သတ်ခြင်းတရားသည် စားခြင်းမစားခြင်းနှင့် မဆိုင်တော့ပြန်ပါဘူး။ သတ်သောသူ၏ အလိုရမ္မက်ကြီးမှု၊ ဒေါသတရားကြီးမှုနဲ့ မိုက်မဲမှုသက်သက်ကြောင့်သာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရဟန်းတစ်ပါးက မေးလျှောက်ဖူးပါတယ်။ ဘုန်းတော်ကြီးမြတ် တော်မူသော မြတ်စွာဘုရား …. ငရဲပြည်ရဲ့ဆင်းရဲဆိုတာဟာ ဘယ်လိုပုံစံမျိုးလဲခံစားရပါသလဲဘုရားတဲ့။ (စာထဲကပုံစံကို ကျွန်တော်နားလည်သလို ပြန်ပြောပြတာပါ)။ ဒီအခါမှာ မြတ်စွာဘုရားရှင်က ချစ်သား…… ငရဲပြည်ရဲ့ဆင်းရဲဆိုတာကို ပြောမယ်ဆို နှိုင်းစရာဥပမာတောင်မရှိဘူးကွာတဲ့။ နီးစပ်မယ်ထင်တဲ့ ဥပမာလေးတစ်ခုပြရရင် … ရှေးအခါက မင်းပြစ်မင်း ဒဏ်သင့်နေသူတစ်ဦးကို မင်းချင်းတို့က မနက်မှာ လှံအချောင်းတစ်ရာ၊ နေ့မှာ လှံအချောင်းတစ်ရာ၊ ညမှာ လှံချောင်းတစ်ရာနဲ့ ထိုးစေဦးတော့။ ထိုသူခံစားရတာက သက်သာလှပါတယ်ကွာတဲ့။ အဆပေါင်းဘယ်လောက်များ ကွာခြားသလဲဆိုရင်လ ….. ကျောက်စရစ်ခဲသေးသေး တစ်လုံးကို ဟိမ၀န္တာတောင်းတန်းကြီးဘေးနားချပြရသလိုပါပဲ။ မထင်ရှားလှပါဘူးတဲ့။ ငရဲပြည်မှာ ခံစားရတာဟာ ဟိမ၀န္တာတောင်တန်းလောက်ရှိပြီး လှံအချက်သုံးရာ အထိုးခံရသူ ခံစားရတဲ့ဝေဒနာက ကျောက် စရစ်ခဲ တစ်လုံးစာလောက်ပဲ ရှိပါတယ်ကွာတဲ့။

မဟာကရုဏာတော်ရှင် မြတ်စွာဘုရားရှင် မိန့်ကြားတော်မူခဲ့တာပါ။ ဒီအကြောင်းတွေကို နာကြားဖူးထားတော့ ငရဲဆိုတာ ကို အကြားလေးနဲ့တင် ကြောက်စရာကောင်းလှပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတာမို့ မယုံစရာလဲ အကြောင်း မရှိပါဘူး။ တစ်ကယ်အရှိတရားမို့ ဟောကြားတော်မူတာပါ။ တစ်ချို့သူတွေကလည်း ငရုတ်သီးထဲကပိုး အပူ မကြောက် .. ဆိုသလိုပဲ မိုက်မဲတဲ့သူတွေကတော့ ပျက်ရယ်ပြုကြပါတယ်။ ယုံတမ်းတွေပါတဲ့။ ကိုယ်လုပ်တဲ့အမှုကို ကိုယ် ခံရမယ်ဆိုတာ မယုံတဲ့သူတွေအတွက်တော့ ငါးပါးသီလကို လွယ်လင့်တကူ ချိုးဖောက်ကြပါတယ်။ အကုသိုလ်ကို ဈေးဆစ် တဲ့လူတွေနဲ့လည်း တွေ့ဖူးပါတယ်။ ငါက …… အရက်ကို မူးအောင်သောက်တာ မဟုတ်ပါဘူး။ မူးလည်းမမူးပါဘူး။ နဲနဲလေး ပဲသောက်တာပါ။ ဒါဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူးနော်တဲ့။ ကျွန်တော်ဘယ်လိုပြောရပါ့။ ခက်တယ်ကွယ်။ သေနှင့် အရက် စီးပွားပျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့် ရှောင်ကြပါလေ ရှင်တော်ဟောသည့် အဆိပ်ရည် …. လို့ ငယ်ငယ်က သင်ခဲ့ရတာလေးကိုပြေးလို့ သတိရမိပြန်ပါတယ်။

မြတ်စွာဘုရားရှင်မိန့်တော်မူတာက ချစ်သားတို့ …… လောကမှာ လူတစ်ယောက်ဖြစ်ဖို့ အင်မတန်မှ ခဲယဉ်းလှတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ တောင်ရောက်၊ မြောက်ရောက် မြောနေတဲ့ ၀ါးလုံးကြီးတစ်လုံးရှိတယ်။ ပင်လယ်ကြမ်းပြင်မှာလည်း လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲ့ဒိလိပ်ကြီးက နှစ် ၁၀၀ ကြာမှ တစ်ခါရေမျက်နှာပြင်ပေါ်ကို ပေါ်တယ်။ ထိုလိပ်ကန်း ကြီးရဲ့ ခေါင်းနဲ့ မြောချင်တိုင်းမြောနေတဲ့ ၀ါးလုံးခေါင်းတို့ စွပ်မိဖို့က ဖြစ်နိုင်ချေရှိပါသေးတယ်။ လူ့ပြည်မှာ လူတစ်ယောက် ပြန်ဖြစ်ဖို့ဆိုတာက အလွန်ခက်လှတယ်ကွာ……တဲ့။ မဖြစ်နိုင်ဘူးလို့ ပြောကြတယ်။ နေ့စဉ်နဲ့အမျှ ကြားနေရတာက ဟိုက လေးက ဘယ်သူဝင်စားတာ။ ဒီကလေးက ဘယ်သူဝင်စားတာနဲ့ ……. အသံဗလံတွေ ဆူလို့ညံလို့။ လူဖြစ်ဖို့ ခဲယဉ်းတယ် ဆို။ အဲ့ဒိလိုများပြောခဲ့ရင်လေ … တို့ဗုဒ္ဓဘာသာမှာ လူဝင်စားခြင်းမရှိဘူး။ ဒီဘ၀ ဒီခန္ဓာသည် ဒီဘ၀သေရင် ပြီးပြီ။ နောက် ဘ၀နောက်ခန္ဓာဆိုတာ ကုသိုလ် အကုသိုလ်ကံတို့၏ အကျိုးခန္ဓာသာဖြစ်ပါတယ်။ ဟိုဘက် ဘ၀က လူ၊ ဒီဘက် ဘ၀ ရောက်လာတာမဟုတ်ဘူး။ အ၀ိဇ္ဇာ၊ တဏှာ၊ ကံ ဆိုတာတွေက ဘ၀သစ်ဖြစ်အောင်လုပ်ပေးလိုက်တာ။ ကုသိုလ်ကံ အကြောင်းတွေရှိနေသေးသမျှ သုဂတိဘ၀ဆို တာတော့ရနေမှာပဲ။

ပုရွက်ဆိပ်ကျင်းမှာရှိတဲ့ အကောင်းအရေအတွက်က ယနေ့ကမ္ဘာ့လူဦးရေထက် များနိုင်တယ်။ ခြတောင်ပို့က ခြတွေက ယနေ့လူဦးရေထက်များနိုင်တယ်။ အပါယ်(၄) ဘုံမှာရှိတဲ့သူ အရေအတွက်က ကျန် ၂၇ ဘုံမှာရှိတဲ့သူအရေအတွက်ထက် ပိုပြီး များတယ်လို့ ဆိုကြပါတယ်။ ဒီလိုဆိုရင် ရှင်းလောက်ပါပြီ။ လူတစ်ဦးဖြစ်ဖို့ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာပေါ့။ လူဖြစ်ဖို့ဘာကြောင့် ခဲယဉ်းနေရတာလဲဆိုတာ စဉ်းစားကြည့်မိပါတယ်။ ဘာကြောင့် ဒီလောက်ခဲယဉ်းနေရတာလဲ။ အဖြေက တစ်ခုပဲထွက်တယ်။ အဲ့ဒါကတော့ ကောင်းတဲ့အလုပ်တွေကို လုပ်ရမှာ ခက်နေကြလို့ပဲ။ ကောင်းတာတွေကို ခဲခဲယဉ်းယဉ်း ဖြစ်ညှစ်လုပ်နေရလို့ပဲ။ ဒါကြောင့်ပဲလို့ ထင်မိပါတယ်။ အရက်တစ်ခွက်ကို လွယ်လွယ်ကူကူသောက်နိုင်ဖို့ အများကြီး မကြိုးစားရပါဘူး။ လွယ်ပါတယ်။ နောက်တစ်ခွက် ထပ်မသောက်မိဖို့ကိုတော့ ကြိုးစားရတာ အလွန်ခက်သွား ပါပြီ။ ခက်ခက်ခဲခဲ ရယူထားရတဲ့ လူ့ဘ၀ခဏတာကို လွယ်လွယ်ကူကူ သုံးဖြုန်းမပစ်သင့်ဘူး ထင်ပါတယ်။

စီးပွားတွေရှာကြတယ်။ ကောင်းတာတွေရော။ မကောင်းတွေနဲ့ရော။ အကုန်ရှာတယ်။ သားငါးတွေ ရောင်းချစားသောက် ရတယ်။ သားသတ်တဲ့လိုင်စင်တွေယူပြီး အသက်မွေးကြတယ်။ သူများပစ္စည်းကို မရကုတ်က ခိုးတယ်။ သူ့စီးပွားကို အချောင်လိုချင်တော့ အလုပ်လုပ်တဲ့အခါ အချိန်ကိုတောင် ခိုးလုပ်တယ်။ ခိုလုပ်တယ်။ ညာစရာရှိရင် ၀န်မလေးဘူး။ နဲနဲလေးဖြစ်ဖြစ် ညာလိုက်တာပဲ။ သတိပြုမိကြဖို့ပါ။ ဘ၀ဆိုတာ တိုတိုလေးပါ။ အကုသိုလ်တွေနဲ့ အချိန်မကုန်ပါစေနဲ့။ ကုသိုလ်လုပ်ရင်း အချိန်ကုန်ပါစေ။

စီးပွားရေး သမားတစ်ယောက်က သူရှေ့မှာမြင်နေရတဲ့ အရာတစ်ခုကို ဘယ်လိုစီးပွား ဖြစ်အောင်လုပ်မလဲလို့တွေးတယ်။ ပန်းချီးဆရာတစ်ယောက်က ဒီမြင်ကွင်းကို စက္ကူပေါ်မှာ လှပအောင်ဘယ်လိုပုံဖော်ရမလဲ စဉ်းစာတယ်။ ကလေးတွေက တော့ ကစားကွင်းလုပ်ကြမယ်လို့ တိုင်းပင်ကြမယ်ထင်တယ်။ စာချရဟန်းတစ်ပါးကတော့ စာသင်တိုက်ကြီးထူထောင်ပြီး စာချလိုက်မယ်ဟလို့ တွေးချင်တွေးနေမိပါပဲ။ အားလုံးက သူ့အမြင်နဲ့ သူ အသုံးချဖို့ စဉ်းစားနေကြတာချည်းပါပဲ။ ဟုတ်ပါပြီ။ တို့ လူ့ဘ၀ကြီးကို ရလာပြီ။ ဘယ်လိုမျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ဘယ်လိုတွေ အသုံးချကြမလဲ။ နိမ့်တဲ့သူက တော့ နိမ့်နိမ့်ပဲမြင်မယ်။ နိမ့်နိမ့်ပဲ လုပ်မယ်။ နိမ့်နိမ့်မှာပဲ သူနေရမယ်။ မြင့်တဲ့သူက မြင့်မြင့်မြင်မယ်။ မြင့်မြင့်လုပ်မယ်။ မြင့် မြင့်မှာနေရမယ်။ ကိုယ်ကရော ဘယ်လိုမြင်ပြီး ဘာတွေလုပ်မှာလဲ။

ဒီတော့ ကောင်းတာတွေကို လုပ်ရမှာ ခက်နေသ၍ ကောင်းတာတွေ ကြုံတွေရဖို့ ခက်နေဦးမယ်။ ကောင်းတာတွေကို လုပ်ရတာ လွယ်သ၍တော့ ကောင်းတာတွေ တွေ့ဖို့က လွယ်နေမှာပါပဲ။ ကောင်းတာတွေလုပ်ဖို့ မခက်ခဲစေချင်ပါဘူး။ မခက်တာပဲ ကောင်းပါတယ်။ တို့တွေ အားလုံးရဲ့ နောက်ဆုံးရည်ရွယ်ချက်ကတော့ နိဗ္ဗာန်ပဲ။ နိဗ္ဗာန်ဆိုတာကို အမတ .. လို့လည်း ဆိုတယ်။ အမတ …. ဆိုတာ မသေခြင်းပဲ။ မသေတဲ့နေရာကို ရောက်ဖို့အတွက် မသေဖို့ လိုအပ်တယ်။ ဘယ်လိုမသေရမှာလဲဆိုတော့ ကုသိုလ်တွေ မသေရမှာပါ။

အကုသိုလ်ယူ …. အသက်ရှု ထိုသူ သေ၍နေတော့သည်။
ကုသိုလ်မယူ အသက်ရှု သူလည်း သေ၍ နေတော့သည်။
ကုသိုလ်ပဲယူ အသက်ရှု ထိုသူမသေ ရှင်တော့သည်။

အမတ မှာနေဖို့ အမတ ဖြစ်အောင်လုပ်မှ ဖြစ်ပါမယ်။ အမတ တွေနေတဲ့အရပ်မို့ အမတ လို့ခေါ်တယ်ထင်ပါတယ်။ ဒါကြောင့် မမေ့မလျော့မပေါ့ဆသော သတိတရားဖြင့် ကုသိုလ်တရား နေစဉ်တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ကောင်းမြတ်သည့်စေတနာဖြင့် ဆွေးနွေးလိုက်ရပါသည်။

အားလုံးသော သတ္တ၀ါတွေ သတိထား အသိပွားနိုင်ကြပါစေ။



ဘ၀ရထား



သီတဂူဆရာတော်ဘုရားကြီးရဲ့ တစ်ခုသောတရားထဲမှာ နာကြားမိတာလေးက ရင်ထဲမှာစွဲသွားခဲ့ပါတယ်။ အကြောင်းအရာ က အသွင်မဆန်းပေမယ့် ဘ၀အမြင်မှာ တကယ်ဆန်းစေတဲ့တရားလေးပါ။ ကြားဖူးနေကြစကားထဲက ဘ၀ရထား ... ဆိုတဲ့ အကြောင်းပါ။ လူ့ဘ၀ကြီးတစ် ခုလုံးကို ရထားတစ်စင်းနဲ့ တင်စားပြီးပြောဆိုဆုံးမသွားတာမို့ပါ။ နေ့စဉ် ရထားနဲ့ ခရီးသွား လာနေကြတဲ့ လုပ်သားပြည်သူတွေ ရေလို့တောင်ရပါ့မလား။ တစ်နေ့ တစ်ရက်တည်းမဟုတ်။ ဘ၀ စဆိုကတည်းက တစ်ချို့ဆို ရထားပေါ်မှာတင် မီးဖွားခဲ့ကြ။ ကျွန်တော်ဖြင့် အံ့သြလွန်းလို့။ နေ့စေ့လစေ့ကြီး ဘာကြောင့်များ ခရီးသွားကြတာ ပါလိမ့်ပေါ့။ စဉ်းစားရတာ မရေရာခဲ့ပါ။ အဲ့သလို မရိုးမဆန်း ဖြစ်ရပ်တွေ ဘ၀ရထားပေါ်မှာ စုံလို့ပါပဲ။ တစ်ချို့တော့လည်း ရေလမ်းကသွားတော့ သင်္ဘောပေါ်မှာ မွေးဖွားကြ။ လေကြောင်းမှာ သွားရင်းလာရင်းတော့ မမွေးလောက်ဘူးလို့ အဆစ်တွေးကြည့်မိပါသေးတယ်။ ဒါလည်း မပြောနိုင်ပါဘူး... ကိုယ်မှမသိတာ။

ရထားဆိုတဲ့အတိုင်းပါပဲ။ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို စီးနင်းကြ။ ရထားပေါ်မှာတင် မိတ်ဆွေတွေဖွဲ့ကြ။ ခင်မင်ကြ။ ရင်းနှီးကြ။ လက်ဆုံးစားကြသောက်ကြ။ တစ်ချို့ကတော့ သောက်ကြစားကြ။ နေရာတွေလုကြ။ ရန်ဖြစ်ကြ။ ကလေးတွေကငိုကြ။ ဈေးသည်တွေက ဆူလို့ညံ့လို့။ အထက်တန်းတွဲဘက် ကိုကြည့်လိုက်တော့ ခုံလေးတွေသပ်သပ်ရပ် ရပ်နဲ့ လူတွေကလည်း ငြိမ်ငြိမ်ဆိတ်ဆိတ်။ လက်မှတ်ကနံပါတ်နဲ့ ခုံနံပါတ်ကို ကိုက်အောင်ရှာနေတာတွေလောက်ပဲရှိပါ တယ်။ သူ တို့မျက်နှာတွေပေါ်မှာတော့ အရောင်သွေးတွေ တစ်မျိုးစီဖြစ်နေတာတော့ သတိပြုမိသား။ အဲ့ဒါဘာလဲဆိုတာကို ကျွန်တော် မသိဘူး။ အင်း ... ဒီလိုနဲ့ပဲ မိမိတို့ လိုရာခရီးပန်းတိုင်ကို ရောက်တဲ့အခါ ဆင်းသွားကြပြန်တယ်။ တစ်ချို့က လည်း ထိုနေရာမှပင် ထပ်ပြီးတက်လာကြပြန်တယ်။ ခရီးသည်တွေ ဘာတွေဘယ်လိုပဲ ဖြစ်နေနေ ရထားကြီးကတော့ အပြုံးမပျက် ခရီးဆက်နေဆဲပါပဲ။

ဘ၀သံသရာ သီချင်းထဲကလို ခရီးပန်းတိုင်း မရောက်ချင်း တစ်ယောက်ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွါလာ ..လိုက်တာ ဘယ်တော့များမှ ဆုံးမည်မသိ။ မြတ်စွာဘုရားရှင်ကတော့
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။
သူတော်ကောင်းတရားကို မသိသောသူအား သံသရာသည် ရှည်လျား၏ ဟူသတည်း။ တရားမသိသမျှတော့ ကရွတ်ခွေ ပေါ် ကင်းလျှောက်သလို ဆုံးနိုင်ဖွယ်ရာမမြင်ဘူးလို့ ဘုရားရှင်မိန့်လိုက်တာက မှတ်သားစရာပါပဲ။
ရထားပေါ်ကို စတင်ပြီး တက်ရောက်လာကတည်းက လက်မှတ်နဲ့ဝယ်ပြီးစီးခဲ့ရတာချည်းပါ။ ကိုယ့်လိုတဲ့ပန်းတိုင်ရောက်တာနဲ့ ကိုယ့်ခုံကိုထားပစ်ခဲ့ရမှာပါပဲ။ ငါ ထိုင်ခဲ့တဲ့ ခုံလေးဆိုပြီး သယ်သွားခွင့်မရှိပါဘူး။ ဒီမှာပဲနေတော့မယ်ဆိုပြီးတော့လည်း နေခွင့်မရှိပါဘူး။ သို့သော် ရထားစီးသူတို့ခမျာ ခုံလေးတစ်ခုံအတွက် အလုအယက် ရန်ဖြစ်နေကြတာ ရထားစီးဖူးတဲ့သူတိုင်း မြင်တွေ့ခဲ့ဖူးကြမှာပါ။ ကိုယ်တိုင် ရန်ဖြစ်ပြီး စီးခဲ့တာမျိုးများ ရှိချင်ရှိနေနိုင်မယ်ထင်တယ်နော်။ တစ်ချို့တော့ ခိုးစီးကြတာ တွေလည်း ကြုံတွေ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လိုရာကို ရောက်ဖို့အတွက် သက်သက်သာသာ မရှိလှတာတော့ အမှန်ပါပဲ။

ဘ၀ရထားကြီးကလည်း တစ်ရွေ့ရွေ့နဲ့ အမေ့ဝမ်းခေါင်းကနေ မောင်းထွက်လာလိုက်တာ ခုဆို အတော့်ကို ခရီးပေါက်နေပါ ရောလား။ ခရီးသွားရင်နဲ့ ကိုယ့်ထမင်းလေး တစ်လုပ်စားရဖို့ သူတစ်ပါးတို့ကို သတ်ဖို့လည်း ၀န်မလေးတဲ့ အဖြစ်တွေနဲ့ ကြုံ ခဲ့ရ။ သူများပစ္စည်းယူစားဖို့လည်း မကြောက်လန့်ခဲ့။ အစားတစ်ခုအတွက် စကားများကြ။ ရန်သတ်ကြ။ နေရာတစ်ခုအတွက် အပြိုင်အဆိုင်တွေလုပ်ကြ။ အချိန်တန်ရင် ဒီခုံတန်းကို ငါ ထားခဲ့ရမှာပါလားလို့များ နားလည်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ရန်ဖြစ်ရမှ စားလို့ဝင် အိပ်လို့ပျော်များ ဖြစ်နေကြရောလားမသိ။ အနိမ့်ဆုံးအဆင့် ကိုယ်မကျေနပ်တာရှိ ရင် ဒေါသလေးတော့ ထွက်ပြလိုက်ရမှ။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ချင်တာကပါသေး။ အမောက်ထောင် ချင်တဲ့ နဂါးဆိုမှတော့ တိရိစ္ဆာန်စာရင်းထဲကို ၀င်သွားပြီးဆိုတာ သူမသိလိုက်ဘူးထင်ပါရဲ့။

တစ်ခါတုန်းက ကြက်တွေကို အုပ်ခြင်းတွေနဲ့ သယ်နေကြာတာတွေ့ဖူးပါတယ်။ သူတို့ခရီးက ကြက်သတ်သမားတွေဆီကိုပါ။ သူတို့တွေ သေရမယ်ဆိုတာကို မသိကြပါဘူး။ အုပ်ခြင်းထဲမှာ အစားစားနေလိုက် ကြတာများ ပျော်ပွဲစားခရီးများထွက်လာ သလား မှတ်ရတယ်။ စားပြန်တော့လည်း တစ်ကောင်နဲ့ တစ်ကောင် ထိုဆိတ်ပြီး စားနေကြတယ်။ တစ်ချို့ကြက်ဖတွေက တွန်သံတောင် ပေးလိုက်သေးတယ်။ နောက်တစ်ခုရှိသေးတယ်။ နွားတွေကို သတ်ဖို့ဆိုပြီး နွားသတ်ရုံကို ဆွဲသွားလိုက် ကြတာ ... နွားတွေကတော့ ဘာမှမသိ။ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ လိုက်ရှာတယ်။ သူတို့ကို နယ်မြေသစ် စားကျက်သစ် ကိုခေါ်လာတယ်အမှတ်နဲ့များ လိုက်လာသလားထင်ရတယ်။ လမ်းမှာတွေ့တဲ့ မြက်ကိုလှမ်းဆွဲစားလိုက်သေးတယ်။ တစ်ချို့သော နွားတွေက တစ်ကောင်နဲ့ တစ်ကောင်မြင်ရင် ရန်ထောင်တာလား၊ နှုတ်ဆက်တာလားမသိ အော်လို့ ...ဟစ်လို့။ အသံပေးလိုက်လို့။ နည်းနည်းလေးမှ စိတ်ညစ်တဲ့ပုံမပေါ်ဘူး။

ကြက်တွေရော၊ နွားတွေရောက ငါတို့ကိုခေါ်သွားတာဟာ သတ်ဖို့ပဲ .. လို့များသိရင် ဘယ်လိုနေမလဲမသိဘူးလို့ ထင်ရာမြင် ရာ တွေးကြည့်မိပါသေးတယ်။ သိတော့ရော ဘာဖြစ်မှာလည်း ..... တစ်နေ့သေရမယ်ဆိုတာ သိတဲ့ လူသားတွေတောင်မှ ရထားလက်မှတ်တစ်ဆောင်အတွက် ရန်သတ်ကြသေးတာပဲလေ။ ထမင်းတစ်လုပ်အတွက် သူများအတင်းတွေ တုတ်ကြ သေးတယ်လေ။ ရန်တွေဘာတွေလုပ်လို့၊ ဒေါသတွေဘာတွေထွက်လို့၊ ပျော်ပျော်ရွှင်ရွှင်နေနေကြတာတွေ့ရတော့ နွားတွေ ကြက်တွေကို နားလည်ပေးဖို့ အခွင့်အလမ်းတစ်ခုရခဲ့ပါတယ်။

တူနေတဲ့အမူအကျင့်နှစ်ခုကို သိရှိနားလည်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကတော့ မတူအောင် နေထိုင်ကြပါတယ်။ ဒေါသထွက်တတ်တဲ့အကျင့်တွေပျောက်အောင်၊ လောဘဖြစ်တတ်တဲ့ အကျင့်တွေပျောက်အောင် သတိပညာနဲ့ ကျင့်သုံး နေထိုင်ရင်း ဘ၀ရထားပေါ်မှာ အေးဆေးသက်သက်စွာ စီးနင်းလိုက်ပါလာကြပါတယ်။ တစ်နေ့မှာ ငါသေရမယ်ဆိုတာ သိတဲ့အတွက် ရန်လည်း မဖြစ်တော့ပါဘူး။ မကျေနပ်တာတွေလည်း မရှိတော့ပါဘူး။ အငြင်းလည်း မပွားတော့ပါဘူး။
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။
သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမမြင်ရပဲ အနှစ်တစ်ရာ အသက်ရှည်နေထိုင်ရခြင်းထက်၊ သေခြင်းကင်းရာ ချမ်းသာအစစ် နိဗ္ဗာန်ကိုမြင်တွေ့ရသောသူ၏ တစ်ရက်တာမျှ အသက်ရှင်နေထိုင်ရခြင်းက မြတ်၏ဟု မြတ်ဗုဒ္ဓက မိန့်မှာတော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကဲ့သို့သော သူတော်ကောင်းတို့၏ စကားကို သူတော်ကောင်းတို့၏ နားနှင့် နားထောင်မှသာလျှင် ကြားနိုင်၏။ သူတို့ကောင်းတို့ နှလုံးသားနှင့် ခံယူမှသာလျှင် ဆိုလိုသည့် သဘောသွားတို့ ရင်ထဲ ပေါက်ရောက်ပေလိမ့်မည် ဖြစ်၏။

ရထားဖြစ်သည့်အားလျော်စွာ တစ်ဘူတာပြီး တစ်ဘူတာ ရပ်နားနေဦးမှာတော့ သေချာပါတယ်။ ကိုယ်နဲ့မဆိုင်သေးတဲ့ ဘူတာမို့ ကိုယ့်အလှည့်မရောက်သေးရင်တော့ ဒီဘူတာက မဆင်းရသေးဘူးပေါ့။ ကိုယ့်အလှည့်ရောက်တဲ့အခါမှာတော့ ရထားပေါ်ကနေ ခပ်သုတ်သုတ်လေးဆင်းပေးရမှာပါပဲ။ ရထားပေါ်က ဆင်းတဲ့အခါမှာတော့ ခုံတွေလည်း ပါမလာ၊ ကြုံတဲ့ လူတွေလည်း ထားခဲ့ရမှာ နားလည်ထားသင့်ပါတယ်။ ကိုယ့်နောက်ပါမှာက ကိုယ်ယူလာတဲ့၊ ချိုင်းကြားညှပ်လာတဲ့ MONEY အိပ်လောက်နဲ့ သဏ္ဍာန်တူတဲ့ ဒါနအမှုတွေ၊ သီလအမှုတွေ၊ ဘ၀နာအမှုတွေပါပဲ။ ဒါနအမှုကောင်းတဲ့သူတော့ ငွေအိတ်ဖောင်းတာပေါ့။ သီလအမှုကောင်းတဲ့သူတော့ အန္တရာယ်ကင်းပါတယ်။ ဘ၀နာအမှုကောင်းတဲ့သူကတော့ သက် တောင့်သက်သာနေထိုင်ရမှာ သေချာပါတယ်။

အတွေးကိုယ်စီနဲ့ ကျော်ဖြတ်လာခဲ့တာ ခုဆိုရင် ဘူတာ ၂၅ ခုကျော်ဖြတ်ပြီးသွားပြန်ပါပြီ။ ဘယ်နေ့ ဘယ်ဘူတာမှာ ဆင်းရမယ်တော့ မသိသေးဘူး။ ကျွန်တော်နဲ့အတူ စီးနင်းလာတဲ့ ဆရာတော်တွေ၊ နောက်ပြီး အကိုတွေ၊ အမတွေ၊ ညီလေးတွေ၊ ညီမလေးတွေ၊ သူငယ်ချင်း မိတ်ဆွေတွေအားလုံးကို ဘူတာကမဆင်းခင် ကာယ၊ ၀စီ။ မနော သုံးခုလုံးရောပြီး မှားခဲ့တာများရှိရင် ခွင့်လွှတ်ပါလို့ တောင်းပန်ခဲ့ပါရစေ။ မိမိတို့လိုရာခရီးကို သက်တောင့်သက်သာ သွားလာ နိုင်ကြပါစေကြောင်းလဲ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင် လက်ငင်းချမ်းသာကြပါစေ။

(ကျွန်တော် မောင်သုခ၏ ၂၅ ပြည့်မွေးနေ့ အမှတ်တရအနေဖြင့် ရေးသားလိုက်ရပါသည်။)


Friday, June 19, 2009


သုံးတတ်မှဆေး






တန်ဖိုးကြီးသော၊ တန်ဖိုးရှိသော စကားများကို တန်ဖိုးသိသောသူများက တန်းဖိုးရှိစွာ အသုံးချသွားကြသည်။ အသုံးကျတဲ့အရာကို အသုံးချမှ အသုံးကျတဲ့လူ ...... လို့ဆရာတော်ကြီးများ မိန့်မှာချက်ကို အမြဲမပြတ် ဆင်ခြင်အပ်၏။ နှလုံးသွင်းအပ်၏။ ကျင့်သုံးနေထိုင်အပ်ပေ၏။ စကားတစ်လုံးသည် ဘ၀ကြီးတစ်ခုလုံးကို ပြောင်းလဲပေးနိုင်စွမ်းပါသည်။ မိမိဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်ကြဖို့ ကြိုးစားကြပါစို့။

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။


အမြဲမှားတော့ အမှားမြဲ

မန္တလေး မဟာမြတ်မုနိဘုရားကြီးဆီကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပါတယ်။ မန္တလေးသား မဟုတ်တဲ့အတွက်ကြောင့်ကိုပဲ ခဏခဏရောက်ဖြစ်တာပါ။ (လည်စရာအိမ်မရှိသောကြောင့်)။ ဘုရားကြီးကို ရောက်ဖြစ်တဲ့အခါတိုင်း အဲ့ဒိနေရာကို ရောက်အောင်သွားကြည့်ဖြစ်ပါတယ်။ ကျွန်တော်စိတ်ဝင်စားလို့ပါ။ စိတ်ဝင်စားတယ်ဆိုတာကလည်း တစ်ခြားမဟုတ်ဘူး။ ကျွန်တော်နားထောင်ဖူးတဲ့ ပုံပြင်တွေထဲက ဇာတ်ကောင်တွေ အဲ့ဒိမှာရှိတယ်လေ။ နောက် … သူတို့နဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ဖူးတယ်။ ကျွန်တော်နဲ့ သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် တစ်ခါမှတော့လည်း မဆုံဖူးပါဘူး။ ဒါကြောင့်ပဲ ရောက်တဲ့အခါတိုင်း အမှတ်တရအနေနဲ့ ရောက်တိုင်း သူတို့နဲ့ သွားရောက်တွေ့ဆုံဖြစ်ပါတယ်။

သူတို့နဲ့ ကျွန်တော် မတွေ့ဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာသွားသည်မသိဘူး။ ကျွန်တော်နဲ့ သူတို့ ပြန်ဆုံတဲ့အခါမှာ တော့ ဇရာထောင်းလို့ ဘ၀ပြောင်းနေတဲ့ သူတို့ပုံစံတွေကို ရုတ်တရက် မြင်တွေလိုက်ရတော့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ သူတို့က ကျွန်တော့်ကို စကားတစ်ခွန်းပြောလိုက်ပါတယ်။ ဒီမယ်သုခ … လူတွေဟာ ကိုယ်လုပ်တာဆိုရင် အမြဲတမ်း မှန်တယ်ထင်နေကြတယ်ကွ ..။ လူတွေကကွာ သူတို့ ဗိုက်နာပျောက်ချင်တာကို ဆေးမသောက်ပဲ ငါ့ဗိုက် ကိုလာနှိုက်ကြတယ်။ ခေါင်းကိုက်ပျောက်ချင်တော့ ခေါင်းကို လာပွတ်တယ်လို့ သူကဆိုပါတယ်။ သူပြောတာတွေက အစုံပါပဲ။ ကျွန်တော် သူ့စကားသံတွေကြားပြီး ရယ်ချင်လာတယ်ဗျာ။ တစ်ကယ်ပါ။ သူပြောမယ်ဆိုလည်း ပြောသင့်ပါတယ်။

ကျွန်တော့်မိတ်ဆွေကြီးတွေမှာ ခုမျက်လုံးတွေ ဟောက်ပက်နဲ့၊ ချက်တွေ ပေါက်ထွက်ကုန်ပြီ။ ဘယ်သူတွေ ဘာလာလုပ် ပေးကြမှာလဲ။ သူတို့ရဲ့ ဇရာရုပ်သွင်ကို ဘယ်သူကများ တကယ်လာ အဟုတ်ပြင်ပေးမှာလဲဗျာ။ သူ့ခေါင်းကို တစ်ချက်ပွတ် လို့ ကိုယ့်ဆီကရောဂါတွေ တကယ်လွတ်ထွက်သွားမယ်လို့ ဘယ်လိုတွေးပြီး ယုံကြည်လိုက်ကြတာလဲ။ အတော်စိတ်ပျက် စရာ မြင်ကွင်းတွေပါ။ အားကိုးတကြီးနဲ့ မဟာမြတ်မုနိဘုရားကြီးဘက်လှည့်ပြီး မျက်လုံးဟောက်ပက်နဲ့ ကြည့်နေရှာတဲ့ သူတို့ ရုပ်သွင် ကျွန်တော်ခုထိမြင်နေတုန်းပဲ။ တို့မြတ်စွာဗုဒ္ဓက ထုတ်ကာမြွက်ဟတာက လူတိုင်းမှာ ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသည်ဆိုတဲ့။ သူတို့တွေ ဘုရားရှေ့မှာ ပုဆိန်ပေါက်ဦးချ နှုတ်ကလည်း ရွတ်လိုက်တာ ကွိကွ ကွိကွ။ အပြီးကျကာမှ ထိုအဆွေတို့ ချက်ကိုလာနှိုက်၊ ခေါင်းကိုလာပွတ်။ အော် …….. ကိုယ်လုပ်တဲ့ ကောင်းမှုကံ၊ မကောင်းမှုကံကိုမှ ကိုယ်မယုံ၊ နောက်ဆုံးမှ တို့မိတ်ဆွေဆီလာပြီး ငါ့ရောဂါတွေ ယူကြပါ၊ ကူကြပါ၊ အများသူငါ အော်ကြ ဟစ်ကြ။

ဒါနဲ့ ကျွန်တော့်အဆွေတော်တွေကို မိတ်ဆက်ပေးရဦးမယ်ဗျ။ ဒီကမိတ်ဆွေနဲ့ သူတို့က သိပြီးသားတွေနေမှာပါ။ သူတို့က ဘိုးတော်ဘုရားလက်ထက်က ရခိုင်ကရောက်လာတဲ့ ရခိုင်ကုလားရုပ်ကြီးများပါ။ သူတို့ကို ကြေးနဲ့ ထူထူထဲထဲ သွန်းလုပ် ထားပြီး စင်စစ် ထိုအရုပ်တွေဟာ ဗိသျှနူးနတ်ရုပ်တွေလို့လဲ ဆိုပါတယ်။ ဗိုက်နာတဲ့သူတွေ အရုပ်ကြီးရဲ့ချက်ကို နှိုက်ရင် ရောဂါပျောက်တယ်ဆိုလို့ ဘုရားဖူးလာကြသူတိုင်း လာလာနှိုက်ကြတာ။ စပြီးနှိုက်ခါစ တုန်းကတော့ ထိုကြေးရုပ်ကြီးတွေ ဘာမှဖြစ်မှာ မဟုတ်ဟု ထင်ခဲ့ကြပုံရပါသည်။ ခုတော့ ခေတ်အဆက်ဆက်နှိုက်လာတာလေ။ ကြာလာတော့လဲ ထူထပ် ပါတယ်ဆိုတဲ့ ကြေးသားတွေတောင် မျက်လုံးဟောက်ပက်၊ ချက်တွေ ပေါက်ထွက်နေတာ ဒီကမိတ်ဆွေ မြင်ဖူးမှာပါဗျာ။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ဟောခဲ့တာပေါ့။

အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးသက်ရောက်လာမည်မဟုတ်ဟု မကောင်းမှုကို မထင်မဲ့မြင်မပြုရာ၊ အထင်မသေးရာ၊ မိုရေပေါက်တို့သည် အကြိမ်ကြိမ်ကျဖန်များသောအခါ ရေအိုးကြီးသည်ပင် ပြည့်လျှံသွားသကဲ့သို့ မိုက် သောသူတို့သည် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖန်များသောအခါ မကောင်းမှုဖြင့် ပြည့်လေတော့၏။

မြတ်စွာဘုရားရှင်၏ မိန့်မှာချက်ဟာ အင်မတန်သတိပြုစရာကောင်းလှပါတယ်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လေးပါးသော အကြောင်းတွေကြောင့် မိမိမှာ ရောဂါဖြစ်ကြရတာပါ။ မိမိရောဂါ သက်သာချင်ရင် ကံကို ပြင်သင့်ပြင်ပါ။ စိတ်ကို ပြင်သင့် ပြင်ပါ။ ဥတု၊ အာဟာရ စသည်တို့ကို ပြင်ပါ။ ဒါတွေကိုမပြင်ပဲ ကြေးရုပ်ကိုလက်နှိုက်မှ ပျောက်မယ်ထင်တာ အယူလွဲတာပါ။ ဒါကြောင့်မို့ စာတစ်ကြောင်းလောက် ကျက်ထားဖူးတယ်။ ဖတ်ကြည့်ပါဦး။

အယူလွဲတော့ အလွဲယူ၊ ငရဲမူကို စွန့်ကြ စွန့်ကြ။

ကိုယ်လုပ်လိုက်တာက နဲနဲလေးပဲလွဲတာပါဆိုပြီး မထီမဲ့မြင် မပြုပါနဲ့လို့ ပြောခဲ့ပြီးပါပြီ။ ကိုယ်လုပ်လိုက်တဲ့ မကောင်းမှုဟာ မဖြစ်စလောက်လေးပါဆိုပြီး အထင်မသေးမိစေလိုပါ။ ကြေးရုပ်ကြီးတွေကို ပွတ်တိုက်လာတာဟာ သံဘရပ်နဲ့ မဟုတ်ပါ။ အလွန်နူးညံ့တဲ့ လက်ဖ၀ါးလေးတွေနဲ့ပါ။ ဒါပေမယ့် နှစ်ကာလကြာတာနဲ့အမျှ ထူထူထဲထဲကြေးရုပ်တွေတောင် မျက်လုံး ဟောက်ပက် ဖြစ်ခဲ့ကြတာကိုကြည့်ခြင်းအားဖြင့် မဖြစ်စလောက်တို့ အဆမတန်များလာတဲ့အခါ ဖြစ်လောက်တဲ့အရာ ဖြစ်သွားတာကို သတိပြုစေချင်ပါတယ်။ မဖြစ်စလောက်ဆိုတဲ့ အပြုအမှုကို အကြိမ်ကြိမ် ထပ်ထပ်တလဲလဲ ပြုမူရင်းကနေ မပြုရရင် မနေနိုင်လောက်တဲ့ အဖြစ်မျိုးသို့ ရောက်သွားရပါတယ်။

မကောင်းမှုကို ပြုတဲ့နေရာမှာ ရက်ကောင်း ရက်ရာဇာမရွေးပဲ ပြုမူနေထိုင်ပြီးမှ ကောင်းမှုပြုခါနီးမှာ ရက်ကောင်းရက်မြတ် ရွေးတတ်တဲ့အကျင့်တွေကို ဖျောက်သင့်လှပါပြီ။ ကုသိုလ်ကို များအောင်စု၊ ကောင်းမှုကို များအောင်ကြံ၊ သတ္တ၀ါ ကောင်း မကောင်း အကြောင်းကံကသာ စီမံတော့သည်၊ ကံသာလျှင် အမိ၊ ကံသာလျှင် အဖဆိုတာကတော့ လောကစကား၊ ဉာဏ်သာလျှင် အမိ၊ ဉာဏ်သာလျှင် အဖဆိုတာကတော့ ဂေါတမဘုရားရှင်ရဲ့တရား ……. ဟုမိန့်ခဲ့သည်ကို ပြန်လည် ကြားယောင်နေမိပြန်ပါသည်။

တို့လည်းလေ လောကီသားပေမို့ မှားတတ်တာကို နားလည်ပါတယ်။ မှားတတ်တာဟာ သဘာဝပါ။ အမှားထပ်တာကသာ သဘာဝ မကျတာပါ။ အမှားတွေဟာ အထပ်ထပ်အခါခါ အမြဲမှားနေတော့ မကောင်းပါဘူး။ ပြင်သင့်ပါပြီ။ ကျွန်တော်လည်း စာတစ်ကြောင်း ခိုးပြီး စပ်ကြည့်မိပါတယ်။

အမြဲမှားတော့ အမှားမြဲ၊ မသွားပဲ ရောက်တာ ငရဲ ငရဲ။

အားလုံးသော သတ္တ၀ါတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။



ကံကောင်းသူများ ဖြစ်စေချင်သည်


ဘုန်းကံကြီးသူတို့အတွက် သာသနာ


ဘုန်းကံကြီးသူတို့အတွက် သာသနာ အပိုင်း(၁)
ဘုန်းကံကြီးသူတို့အတွက် သာသနာ အပိုင်း(၂)

မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို နားကြားခွင့်ရသူတို့အဖို့ လွန်စွာမှပင် ဘုန်းကံကြီးကြပါပေသည်။ သာသနာသည်လည်း ဘုန်းကံကြီးသူတို့နှင့်သာ ထိုက်တန်ပါပေ၏။ သာသနာနှင့် ထိုက်တန်သော ဘုန်းကံကြီးသူများ ဖြစ်ကြပါစေ။ ဘုန်းကံကြီးသူများဖြစ်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ။

No comments:

Post a Comment